ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်နှင့် ဈေးအပါအဝင် လူနေထူထပ်သည့် နေရာများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။
ဂျက်တိုက်လေယာဉ်များဖြင့် နံနက် (၉)နာရီခန့်တွင် တစ်ကြိမ်၊ (၉)နာရီ (၁၀)မိနစ်ခန့်တွင် တစ်ကြိမ်၊ (၉)နာရီ (၁၅)မိနစ်ခန့်တွင် တစ်ကြိမ် သုံးကြိမ် ဗုံးအရေအတွက် (၁၅)လုံးခန့် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများလည်း ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် ကျောက်တော်မြို့ မြို့မဈေးကြီး၊ လမ်းမကြီးနှင့် မြို့သစ်ရပ်ကွက်တို့ကို ဗုံးကြဲချသွားခြင်းဖြစ်သည်။
ဒေသခံများက Tachileik News Agency ကိုပြောပြချက်အရ ဒေသခံ (၅)ဦးအထက် ကနဦးသေဆုံးမှုရှိထားပြီဟု ပြောဆိုသည်။
စစ်ကောင်စီသည် ဇန်နဝါရီလ (၈)ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂၆)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၂၇)ဦးရှိကာ နေအိမ် (၃၉၈)လုံး မီးလောင် ပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo:AA Info Desk