ကရင်ပြည်နယ်၊ မြဝတီမြို့၊ မော်ခီးဒေသ၊ ဘုရင့်နောင်ကုန်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်သားတစ်ဦးသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့က လက်နက်အပြည့်အစုံဖြင့် ပူးပေါင်းလာကြောင်း KNU က သတင်းထုတ်ပြန်သည်။
ဘုရင့်နောင်ကုန်းရှိ ခြေမြန်တပ်ရင်း ခမရ-၅၅၅ တပ်ရင်းမှ တပ်သားတစ်ဦးသည် KNLA တပ်ရင်း ၂၀၁ နှင့် ချိတ်ဆက်ကာ လာရောက် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်သားနှင့်အတူ MA 1 သေနတ်တစ်လက်၊ ကျည်ဆံ (၁၆၀)တောင့်၊ ကျည်ကပ်(၁)ခုနှင့် လက်ပစ်ဗုံး တစ်လုံးပါလာကြောင်း သိရသည်။
KNLA ၂၀၁ နယ်မြေ မော်ခီးဒေသတဝိုက်တွင် စစ်ကောင်စီ စစ်စခန်း(၄)ခုရှိပြီး ခလရ (၃၂)နှင့် ခမရ (၅၅၅)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း KNLA (၂၀၁)တပ်ရင်းထံ စစ်ကောင်စီတပ်သား(၇)ဦး လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။