ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး သေဆုံးပြီး အဆောက်အဦးတချို့ ထိမှန်ပျက်စီးကြောင်း KNU က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ပေါ်သို့ ဇန်နဝါရီလ (၂၂)ရက်နေ့ နံနက် (၇)နာရီခွဲ ၀န်းကျင်တွင် စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ဒုံမြို့ရှိ မီးသတ်ရုံးအနီး ရော်ဘာခြံ၌ ကျရောက်ပေါက်ကွဲ၍ ရော်ဘာခြစ်ပြီး ပြန်လာသည့် ကျိုက်ဒုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းဝပိုင်းတွင် နေထိုင်သည့် အသက် (၅၁) နှစ်အရွယ် ဒေါ်ဒဝယ်မ (ခေါ်) ဒေါ်ညိုညိုဝင်း ထိမှန်သေဆုံးခဲ့ပြီး မီးသတ်ရုံးနှင့် အနီးပတ်ဝန်းကျင်ရှိ လူမနေတော့သည့် ပြည်သူအိမ်တစ်ချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ (၁၁) ရက်နေ့ နံနက် (၂)နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ နို့တကောမြို့နယ် ယော့ကဒေါ ကျေးရွာသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယော့ကဒေါ ကျေးရွာရှိ စာသင်ကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများသာမက လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ပြီး လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှု ဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိကြောင်း KNU က အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo:𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻