မြန်မာကုန်သည်များအတွက် အချက်အချာကျသည့် နောင်ခွီးတံတား ရေတိုက်စားခြင်းကြောင့် ကျိုးကျ

မြန်မာကုန်သည်များအတွက် အချက်အချာကျသည့် နောင်ခွီးတံတား ရေတိုက်စားခြင်းကြောင့် ကျိုးကျ

ကရင်ပြည်နယ် မြဝတီမြို့သို့သွားသည့်လမ်းရှိ နောင်ခွီးတံတားမှာ ရေတိုက်စားမှုကြောင့် ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တံတားပျက်စီးသွားခြင်းကြောင့် ဘားအံ-ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုး-မြဝတီသို့သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

“ရေကြီးနေတော့ တံတားလည်း မခံနိုင်ဘဲ ပြိုကျတယ်ထင်တယ်။ ဘားအံ-ကျုံဒိုး-နဘူး-ထို့ကော်ကိုးဘက်ရဦးမယ်တော့ထင်တယ်။ မေးမြန်းပြီးတော့ သွားကြပါ”ဟု ကားသမားတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ တံတားသည် အမှတ်(၂/၃၃) နောင်ခွီးတံတားဖြစ်ပြီး ထိုင်းဘက်မှ အဝင်ပစ္စည်းများ ပြည်တွင်းသို့ ရောက်ရှိရန် အခက်အခဲဖြစ်နေသည်ဟုလည်း ကုန်သည်တချို့က ဆိုသည်။

မြဝတီမြို့သို့ သွားလိုပါက ဘားအံ-ကျုံဒိုး-ကော့ကရိတ်-လမ်းဟောင်း-ဝေ့ရှမ်း-မဲ့ပလဲ-မြဝတီသွားနိုင်သည်ဟုလည်း သိရသည်။

နောင်ခွီးတံတားပြုပြင်ပြီးမှသာ ယင်းလမ်းပိုင်းမှ မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကာ အခြေအနေအသေးစိတ်ကို Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။

#TachileikNewsAgency

Photo: ကိုကိုစော