စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို လာရောက်ကယ်ထုတ်သည့် လူနာတင်ယာဥ်နှင့် အရပ်သားများကို လေကြောင်းမှ ထပ်မံပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ လေတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ နေ့လယ်ပိုင်းက မြစ်သာရွာရှိ လဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၁၀)ဦး ဒဏ်ရာရရှိသွားပြီး ဒဏ်ရာရသူများအား လာရောက်ကယ်ထုတ်သည့် လူနာတင်ယာဉ်များနှင့် ထွက်ပြေးသည့် အရပ်သားများကို လေယာဉ်ဖြင့် နောက်မှလိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“မနေ့က မြစ်သာရွာကို နေ့လယ်ပိုင်းမှာ ဗုံးစကြဲတာပေါ့နော်။ ဗုံးနှစ်လုံးကြဲတယ်၊ တစ်လုံးက လဖက်ရည်ဆိုင်ပေါ်ကျလို့ လဖက်ရည်ဆိုင်တော့ အကုန်ကုန်သွားတယ်။ လဖက်ရည်ဆိုင်ရှေ့မှာရပ်ထားတဲ့ နာရေးကားလည်း တစစီဖြစ်သွားတယ်ပေါ့။ နောက်တစ်လုံးကကျတော့ စာသင်ကျောင်းပေါ်ကို ကျတယ်။ မနေ့ကညနေကအထိ စာရင်းကတော့ (၁၀)ယောက် ထိထားတယ်။ ဆေးရုံအကုန်ပို့တယ်ပေါ့နော်။ အဲဒီနောက် ဒီနေ့မနက်မှာတော့ ထပ်တိုးအနေနဲ့ အယောက်(၂၀)လောက်အထိရှိတယ်လို့ သိရတယ်။ မနေ့က လူနာတွေကို ကယ်ထုတ်ပြီးတော့ ဆေးရုံပို့ဖို့လုပ်နေတဲ့အချိန် ဆေးရုံပို့မယ့်ကားတွေ၊ ထွက်ပြေးတဲ့ပြည်သူတွေကို နောက်တစ်ကြိမ် လေယာဉ်နဲ့လိုက်ပစ်တယ်။ ပစ်တော့ ဆူးလေကုန်းရွာထဲကို မှန်တာပေါ့။ မှန်တဲ့အခါကျတော့ နေအိမ်တစ်လုံး ပျက်စီးမီးလောင်သွားတာပေါ့။ ဆူးလေကုန်းမှာ စစ်ဘေးရှောင်ဖို့ရောက်နေတဲ့ ပြည်သူတစ်ဦးလည်း ထိခိုက် ဒဏ်ရာရသွားတာပေါ့။”ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က Tachielik News Agency ကိုပြောသည်။
ထို့အပြင် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာအကြားရှိ ကြက်ခြံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား (၁၄)ဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။
“မကျည်းဘုတ်နဲ့ တွင်းကြီးကြားမှာရှိတဲ့ ကြက်ခြံကို လေကြောင်းနဲ့လာပြီးတော့ ပစ်တာပေါ့။ ပထမကတော့ ရော့ကတ်နဲ့ အဲဒီအချိန်မှာ တောထဲမှာ အလုပ်လုပ်နေတဲ့ ပြည်သူတွေက ကြက်ခြံထဲကို ဝင်ပြေးကြတာပေါ့။ ဝင်ပြေးကြတဲ့အချိန်မှာ ကြက်ခြံပေါ်ကို ဗုံးထပ်ကြဲတယ်။ ပြည်သူ(၁၄)ယောက်ထိသွားတယ်။ မနေ့ကတော့ အမျိုးသမီးတစ်ယောက် ဆုံးသွားတယ်။ ဒီနေ့မှာ ဈာပနလုပ်တယ်။ နောက်ထပ်ဆေးကုနေတဲ့ အမျိုးသမီး နှစ်ယောက်ကလည်း အလားအလာ သိပ်မကောင်းဘူး။”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါကျေးရွာများကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား(၂၄)ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံးကာ ကြက်ခြံအတွင်းမှ ကြက်အကောင်(၁၈၀၀)၊ ဝက်(၂၂)ကောင်နှင့် ဝက်သားပေါက်(၇၇)ကောင်တို့ သေဆုံးသည်ဟု သိရသည်။
“ကြဲတာတွေက ရမ်းကြဲတာမဟုတ်ဘဲ အတိအကျချည်းလာကြဲတာမို့ အများကြီးတော့ အလုံးရေမများဘူးဗျ။ ဗုံးက(၈)လုံးလောက်နဲ့ ကျန်တာက ရော့ကတ်တွေနဲ့ပစ်တာ။”ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် (၁၀)ရက်ကျော်ကတည်းက မြောင်နယ်ရှိ ဇရပ်ကုန်း၊ မြစ်သာ၊ မြစ်ဆုံနှင့် နဘက်တို့ကို လေကြောင်းတိုက်ခိုက်မှုလုပ်မည်ဟု သတင်းထွက်ပေါ်ထားရာက လက်ရှိတွင် ဇရပ်ကုန်း၊ မကျည်းဘုတ်အနီးရှိ ကြက်ခြံနှင့် မြစ်သာရွာ၊ ဆူးလေကုန်းတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo:CJ