ပစ်ခတ်မှုဖြစ်ပြီးနောက် မြန်မာသူရကျောက်မျက်ကုမ္ပဏီအတွင်းသို့ ဒေသခံများအလုံးအရင်းဖြင့် ဝင်ရောက်၍ ကျောက်များသယ်ယူ

ပစ်ခတ်မှုဖြစ်ပြီးနောက် မြန်မာသူရကျောက်မျက်ကုမ္ပဏီအတွင်းသို့ ဒေသခံများအလုံးအရင်းဖြင့် ဝင်ရောက်၍ ကျောက်များသယ်ယူ
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့အနီး နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီအတွင်းသို့ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ နေ့လယ်ပိုင်းတွင် လူအုပ်ကြီးဖြင့်ဝင်ရောက်၍ ကျောက်များထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားသော မြန်မာသူရကုမ္ပဏီအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ယမန်နေ့ညက ဝင်ရောက်ပစ်ခတ်ပြီးနောက် လုံခြုံရေးမရှိတော့သဖြင့် လူအုပ်ကြီးဖြင့် ကုမ္ပဏီအတွင်းသို့ဝင်ရောက်ကာ ကျောက်များသယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကုမ္မဏီထဲ ကျောက်ဂိုဒေါင်တွေရှိတော့ လူရှင်းတုန်းလေး ဝင်ယူကြပုံပဲ။ အကောင်းတွေတော့ သယ်ထားလောက်ပေမယ့် ကုမ္မဏီမှာ ဂိုဒေါင်တွေအများကြီးရှိတယ်လေ။ သူတို့အရင်က လုပ်ကွက်က မနည်းဘူးကိုး။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများ ပြန်လည်ရောက်ရှိလာပြီးနောက် လမ်းပိတ်လိုက်ပြီဟုလည်း ဆိုသည်။

“အခုလေးတင် ဆိုင်းတောင်ဘက်ကလည်းသွားကြတာ ပြန်လှည့်လာရတယ်။ ရဲတွေပိတ်ထားတယ်တဲ့ လမ်းတွေမှာကော။ မနေ့ည အဲဒီက စစ်သားတွေကို ဝင်လုပ်ခံရတော့ ပြေးကြတယ်ထင်တယ်။ အဲဒါကြောင့် ကုမ္မဏီဟောင်းလောင်းဖြစ်နေတော့ အနီးအနားရွာထဲကလူတွေ အရဲစွန့်ဝင်ယူပုံပဲ။”ဟု ၎င်းဒေသခံတစ်ဦးက ဆက်ပြောသည်။

မြန်မာသူရကုမ္ပဏီအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို KIA ပူးပေါင်း KPDF တပ်ဖွဲ့များက ယမန်နေ့ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် ကုမ္ပဏီအတွင်းမှ ကျောက်များကို သယ်ယူကြခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

“အခြေခံလူတန်စားတွေ စားဝတ်နေရေးကြောင့် လူမရှိတော့ ဝင်ယူကြတဲ့သဘောပါ။”ဟု အဆိုပါဒေသခံ က Tachileik News Agency ကိုပြောသည်။ 

ယမန့်နေ့ညပိုင်းက မြန်မာသူရကုမ္ပဏီအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့် KPDF တပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းရာ စစ်ကောင်စီတပ်သားတစ်ဦးသေပြီး MA တစ်လက်နှင့် ကျည်ကာတစ်ထည် သိမ်းဆည်းရရှိခဲ့သည်ဟု KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့က PDF တပ်ဖွဲ့များအား ငွေကြေးထောက်ပံ့ပေးသည်ဟုဆိုကာ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ မြန်မာသူရကျောက်မျက်ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ်လုပ်ကိုင်နေသူ ကိုမွန်သူအောင်အား ဖမ်းဆီးခဲ့သည်။ 

ထို့နောက် သြဂုတ်လ (၁၇)ရက်နေ့တွင် ကိုကျော်သူရအား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိလမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့ နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer ပစ္စတိုတစ်လက်၊ ၎င်းကျည်(၁၂)တောင့်၊ ကျည်အိမ်(၂)ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦး(၄)လုံး၊ မော်တော်ယာဉ်မျိုးစုံ(၅)စီး၊  ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦး (၃)လုံး၊ မော်တော်ယာဉ်မျိုးစုံ (၂)စီး၊ မီးစက် (၂)လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန်(၈၀)ခန့်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်းနှင့် အဆောက်အဦး(၁)လုံးတို့ကို ချိတ်ပိတ်သိမ်းဆည်းသွားခဲ့သည်။

ထို့အပြင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အ ဆောက်အဦး(၂)လုံး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦး(၁)လုံး၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ခြံဝန်းအတွင်းမှ အဆောက်အဦမျိုးစုံ(၁၈)လုံး၊ ကျောက်စိမ်း ဖြတ်သားနှင့် အရိုင်းတုံးမျိုးစုံ(၁၉၃)တန်၊ မီးခံသေတ္တာ(၂)လုံး၊ MITSUBISHI အမျိုးအစား ပစ္စည်းတင် မော်တော်ယာဉ်(၁)စီးတို့ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းသွားခဲ့သည်။

#TachileikNewsAgency