လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရ

လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရ

နိုင်ငံအနှံ့ရှိ လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အသက်မပြည့်သေးသည့် ကလေး လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံ ကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။

PPNM အနေဖြင့် နိင်ငံအနှံ့ရှိ အမျိုးသမီးလူငယ်ထိန်းသိမ်းရေးကျောင်းများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ခဲ့ပြီး ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းသည် အသက်မပြည့်သေးသည့် နိုင်ကျဉ်းအမျိုးသမီးငယ်များအပါအဝင် အခြားအမျိုးသမီးငယ်များအပေါ်  လိင်ပိုင်ဆိုင်ရာ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားရစေလျက်ရှိကြောင်း သိရသည်။

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းတွင် အမျိုးသမီးငယ်များထားရာ အခန်းများ ရေချိုးခန်းများနှင့် အိမ်သာများအား စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားပြီး၊ ထို့ကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားကြလျက်ရှိကြောင်း PPNM မှ ဆိုသည်။ 

အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် အမျိုးသမီးငယ်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကို အကုန်ချွတ်ခိုင်း၍ အပြစ်ပေးသည်အထိ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည်ဟု ဆိုသည်။

အပေါ့၊ အလေးသွားလာခွင့်ကိုလဲ သတ်မှတ်ချိန်အတွင်း၌သာ သွားရောက်ခွင့်ရှိပြီး ကျန်အချိန်များတွင် အပေါ့၊ အလေးသွားပါက သင်တန်းကျောင်းတွင်ရှိသည့် ဝန်ထမ်းများမှ တုတ်ဖြင့်ရိုက်၍ အပြစ်ပေးလျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြ၍ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်းခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းနေပြီး လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရသူ အမျိုးသမီးငယ်များသည် ထောင်တွင်းစားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အမျိုးသမီးငယ်အချို့သည် အပျိုဖော်ဝင်ကာစ အချိန်များဖြစ်၍ ရာသီသွေး ဓမ္မတာ လာချိန်များကို အခြားအမျိုးသမီးငယ်များနည်းတူ ရင်ဆိုင်ကြရလျက်ရှိပြီး ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အမျိုးသမီးငယ်များသည် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများနှင့် အဆိုပါ နေ့ရက်များကို ဖြတ်သန်းနေကြရကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း၌ စစ်ဆေးချိန်များတွင် ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်းလေးသူငယ်ချင်းနှင့် မောင်များ၊ အကိုများပါ ဝင်ရောက်တတ်သည့်အတွက် အမျိုးသမီးငယ်များ ရေချိုးရမှုနှင့် အိမ်သာသွားချိန်များတွင် စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရပြီး အဆိုပါအမျိုးသားများဝင်ရောက်ချိန်များတွင် အမျိုးသမီးငယ်များ အဝတ်အစားလဲချိန်များနှင့် တိုက်ဆိုင်ချိန်များလည်းရှိသည့်အတွက် ယခုကဲ့သို့ အမျိုးသမီးထိန်းသိမ်းရေးစခန်းသို့ အမျိုးသားများ ဝင်ရောက်ခွင့်ရနေခြင်းအား ပြင်းထန်စွာ ရှုံ့ချကြောင်း PPNM မှ ဆိုသည်။

ပုသိမ်ကြီးအမျိုးသမီးသင်တန်းကျောင်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသမီးငယ်များထဲတွင် ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းတွင် အကျဉ်းချခံထားရသူများရှိကြောင်း သိရသည်။

အချို့အမျိုးသမီးငယ်များသည် နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်းမရှိသည့်အတွက် သင်တန်းကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင်နေကြရပြီး တပတ်လျှင် ကြက်ဥဟင်း (၃)ရက်ကျွေးမွေးခြင်းသာ PPNM ၏ စောင့်ကြည့်လေ့လာချိန်အတွင်း အများအားဖြင့်တွေ့ရပြီး အသားဟင်းနှင့် အချို့အစားအသောက်များကိုမှု အလှူရှင်ရှိသည့်အချိန်များမှသာ စားသောက်ကြရကြောင်း သိရှိရသည်။

အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့တွင် အဓိကဖမ်းဆီးထားပြီး အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားလျက်ရှိကြောင်း PPNM ၏ စောင့်ကြည့်လေ့လာမှုအရသိရသည်။

#TachileikNewsAgency

Photo: Political Prisoners Network - Myanmar