မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အမ်း-ပဒါန်း လမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ ကင်းစခန်း (၂)ခုအား မဟာမိတ်များနှင့်အတူ တိုက်ခိုက်ကြောင်း အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ် ဘုံးဘောရွာလမ်းဆုံနှင့် မိုင်တိုင် (၁၁) တို့ရှိ အမ်း-ပဒါန်း လမ်းပိုင်းကို လုံခြုံရေးယူထားသည့် ကင်းစခန်း (၂) ခုအား နိုဝင်ဘာလ (၅) ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁၀) ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းက ဆိုသည်။
တိုက်ခိုက်မှု ဆောင်ရွက်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကူများရောက်ရှိလာကာ နှစ်ဖက်ညှပ် ပစ်ခတ်လာခြင်း၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လာခြင်းတို့ကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းနှင့်အတူ မဟာမိတ် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA - Magway) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ (ပုံဟောင်း)