စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်းနှင့် တောင်ပိုင်းတလျှောက်ရှိ မြို့ကြီးများမှ ပြည်သူများ သတိပြုနေထိုင်ရန် သတိပေး

စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်းနှင့် တောင်ပိုင်းတလျှောက်ရှိ မြို့ကြီးများမှ ပြည်သူများ သတိပြုနေထိုင်ရန် သတိပေး

စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်းနှင့် တောင်ပိုင်းတလျှောက် ဒေသများရှိ မြို့ကြီးများမှ ပြည်သူများ သတိပြုနေထိုင်ကြရန် မြန်မာနိုင်ငံ ငလျင်ကော်မတီက ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ ညပိုင်းတွင် သတိပေးထားသည်။ 

အဆိုပါမြို့များမှာ ရွှေဘိုမြို့၊ မန္တလေးမြို့၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တောင်ငူမြို့၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့ စသည့်မြို့ကြီးများနှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ ပြည်သူများအနေဖြင့် သတိပြုနေထိုင်သင့်သည်ဟု သတိပေးထုတ်ပြန်ထားသည်။ 

၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကိုင်းနှင့် မန္တလေးမြို့များအနီး ဗဟိုပြု၍ အင်အား (၇.၇)အဆင့်ရှိ အလွန်ပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့သည်။ 

၎င်းငလျင်ကြီးသည် စစ်ကိုင်းပြတ်ရွေ့၏ အလယ်ပိုင်းတလျှောက် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းငလျင်ကြီးနှင့်အတူ နောက်ဆက်တွဲ ငလျင်ငယ်များသည်လည်း စစ်ကိုင်းပြတ်‌ရွေ့တလျှောက်ရှိ လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူးမြို့၊ တောင်ငူမြို့ စသည့်မြို့များအနီး ဆက်လက်၍ လှုပ်ခတ်လျက်ရှိသည်။ 

မြေသားပြတ်ရွေ့မှု ရှည်လျားကျယ်ပြန့်နေသည့်အတွက် အလားတူငလျင်ကြီးများ ဆက်လက်ဖြစ်ပေါ် နိုင်သောကြောင့် သတိထားရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

ငလျင်ကြောင့် ထိခိုက်ပျက်စီးထားသော အဆောက်အအုံများသည် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ချိန်တွင် ပိုမိုထိခိုက်ပျက်စီးနိုင်ပါသဖြင့် လတ်တ လော ဝင်ရောက်နေထိုင် အသုံးပြုခြင်းကို ရှောင်ရှားရန်လည်း သတိပေးထားသည်။ 

အဆိုပါ အဆောက်အအုံများကို နားလည်တတ်ကျွမ်းသော အင်ဂျင်နီယာများဖြင့် ဘေးကင်းလုံခြုံကြောင်း စနစ်တကျ စစ်ဆေးစိစစ်ပြီးမှသာ ပြန်လည် အသုံးပြု နေထိုင်သင့်သည်ဟု ဆိုသည်။ 

မိုးဇလပညာရှင် ဦးဝင်းနိုင်၏ ပြောဆိုချက်အရ ငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း (၅၇)ကြိမ်အထိ လှုပ်ခတ်သွားသည်ဟု ပြောဆိုထားသည်။

#TachileikNewsAgency

Photo: Myanmar Earthquake Committee