စစ်ကောင်စီတပ်များက အရာတော်မြို့နယ်တွင် ကျေးရွာများနှင့် ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးသွား

စစ်ကောင်စီတပ်များက အရာတော်မြို့နယ်တွင် ကျေးရွာများနှင့် ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့ Snipe Rangers Force စခန်းကိုလည်း ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် ဇူလိုင်လ (၈)ရက်နေ့တွင် အရာတော်မြို့နယ် မင်းရွာကိုလည်းကောင်း ဇူလိုင်လ (၉)ရက်နေ့တွင် မြင်းမူမြို့နယ် ငါးကင်းရွာကိုလည်းကောင်း ဝင်ရောက်မီးရိူ့ဖျက်စီးခဲ့ပြီး ဇူလိုင်လ (၁၀)ရက်နေ့တွင် ကံသုံးဆင့်ဘက်မှ အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးကာ မလဲသာ၊ ကံရင်း၊ ညောင်ပင်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးရာ ဒေသခံ(၂)ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီးနောက် တစ်ဦးကို ပစ်သတ်ထားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် Snipe Rangers Forceစခန်း၌ ကင်းပုန်းဝပ်နေသည်များရှိပြီး ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုများ မကြာခဏဖြစ်ကာ နှစ်ဖက်စစ်ရေးတင်းမာနေသည်ဟု သိရသည်။

"တိုက်ပွဲက သူတို့ဝင်လာကတည်းက ခဏခဏ ထိတွေ့မှုဖြစ်တာပါ။စစ်ကောင်စီဘက်က တော်တော်လေး အထိနာပါတယ်။ ရဲဘော်တွေ ဘက်ကလည်း ထိခိုက်မူတွေရှိပါတယ်။ ဘာတွေ ဆုံးရှုံးလည်း ဆိုတာကိုတော့ ကျွန်‌တော်တို့အတည်ပြုလို့မရသေးဘူး။ စခန်းနားကို ပြန်ကပ်မရသေးလို့ ဆုံးရူံးမှုကိုတော့ မသိရသေးပါဘူး။"ဟု Snipe Rangers Force(LPDF)တပ်ဖွဲ့ တာဝန်ခံ ဆလိုင်း က Tachileik News Agencyကိုပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် လက်ပံတို(အရပ်ခေါ်)ရွာကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည့် ကျေးရွာများမှ ဆုံးရှုံးမှုကိုမူ အတိတကျမသိရသေးပါ။

ပြီးခဲ့သည့် (၅)ရက်ဝန်းကျင်ကလည်း Snipe Rangers Force၏ လက်နက်ငယ် သိမ်းထားသည့်နေရာကို စစ်ကောင်စီတပ်များ တွေ့ရှိသွားပြီး မီးရှို့ဖျက်ဆီးခဲ့ရာ လက်လုပ်စနိုက်ပါ (၃)လက်နှင့် လက်လုပ်ရိုင်ဖယ် တစ်လက်တို့ မီးရိူ့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

Snipe Rangers Forceရဲဘော်များက စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်ရန် ကျည်လိုအပ်နေသဖြင့် လှူဒါန်းပေးကြရန်လည်း အကူအညီတောင်းခံထားသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မလဲသာ၊ ကန်ရင်း၊ ညောင်ပင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency