နောင်ချိုမြို့ရှိ တောင်ခမ်းတိုက်ပွဲ တပ်ရင်းမှူးအပါ အများအပြားသေဟု TNLA ထုတ်ပြန် 

နောင်ချိုမြို့ရှိ တောင်ခမ်းတိုက်ပွဲ တပ်ရင်းမှူးအပါ အများအပြားသေဟု TNLA ထုတ်ပြန် 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄)နှင့် (၉၀၂) တပ်စခန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးကြောင်း TNLA ထံမှ သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

ထို့အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားသည်ဟုလည်း သိရသည်။ 

နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းကိုထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News