စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူမြို့နယ်တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကာ အရာရှိ (၃)ဦးကိုလည်း စစ်သုံးပန်းများအဖြစ် အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း (၂) က သတင်းထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ်၊ လက်ခုပ်ပင်နှင့် အောင်ချမ်းသာရွာကြားသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ MA1 ၇ လက်၊ MA2 ၂လက်၊ MA3 ၇ လက်၊ MA4 ၁ လက်၊ ၆၀ မမ ပြောင်းတို ၂လက်၊ RPG ၁ လက်၊ RPG ကျည် ၂ လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀ မမကျည် ၁၈ လုံး၊ ၅.၅၆ ကျည် ၁၈၆၇ တောင့်၊ ၄၀ မမ ကျည် ၆ လုံး၊ အီနာဝါ ၄ လုံး၊ ဦးထုပ် ၆ လုံး၊ နင်းမိုင်း ၅ လုံး၊ Icon ၅ လုံး၊ လက်လုပ်တူမီး ၁ လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊ Jumper ၁ ခု၊ မပတ ၂ ခု၊ ၈၄ မမ ပြောင်း ၁ လက်၊ ၈၄ မမ ၂ ခု၊ MA Pistol ၁ လက်၊ ဘောက် ၂ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော စစ်သုံးပန်းများမှာ အမှတ်(၃၆၅)ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး(၂)ဦး နှင့် ဒုဗိုလ်(၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အထိနာသွားသည့် ၎င်းတို့၏ စစ်ကောင်စီတပ်သားများကို ကူညီရန် နေ့လည်ပိုင်းက တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာရွာတွင်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ပွဲဖြစ်သည့် ကန့်ဘလူသို့ ပို့ဆောင်ချိန်တွင် ထိုကျေးရွာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ (၆၀)ကျော်ကို ပြည်သူ့ကာကွယ်ရေး စစ်သည်တော်များက ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
၎င်းတို့မှာ ဒီပဲယင်း၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်နယ် တို့မှ ဒေသခံများဖြစ်ပြီး တချို့မှာ ဖမ်းဆီးခံရပြီး ပေါ်တာ အဖြစ် စစ်ကောင်စီ၏ စစ်ကြောင်းသို့ လိုက်ပါနေရသည်မှာ (၁)လခွဲ ဝန်းကျင် ကြာပြီဟု သိရသည်။