ခရမ်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ် တာဝန်ကျ စစ်သားများ ထွက်ပြေးသွား၍ လိုက်လံ ရှာဖွေနေ

ခရမ်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ် တာဝန်ကျ စစ်သားများ ထွက်ပြေးသွား၍ လိုက်လံ ရှာဖွေနေ
ဇန်နဝါရီ 23, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ခရမ်းမြို့ အဝင်အထွက်ဂိတ်တွင် တာဝန်ကျသည့် အကြမ်းဖက် စစ်ကောင်စီ၏ တပ်သားများ ထွက်ပြေးသဖြင့် မြို့တွင်းနှင့် ကျေးရွာများအထိ ယနေ့ ဇန်နဝါရီလ(၂၃)ရက်နေ့တွင် လိုက်လံရှာဖွေနေကြောင်း  ဒေသခံများထံမှ သိရသည်။

ယင်းစစ်ဆေးရေးဂိတ်တွင် ယခင်က အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်သားများမှ တာဝန်ယူထားသည့် နေရာဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကြည်းတပ်မှ တပ်သားများကို ပြောင်းလဲ တာဝန်ချထားစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

"(၁၀)ယောက်လောက် ကားထားပြီး စစ်ဝတ်စုံတွေနဲ့ ထွက်ပြေးသွားတာ။ (၂)ရက်လောက် ရှိပြီ။ အဲဒီစစ်ဆေးရေးဂိတ်မှာ အရင်က ရေတပ်က စစ်သားတွေက စစ်ဆေးနေတာ။ အခု ကြည်းတပ်က စစ်သားတွေနဲ့ ရဲတချို့ကို နေချထားလိုက်တယ်။ ချထားတဲ့ စစ်သားတွေကလည်း အသက်ကြီးပိုင်းတွေ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့  ပြောသည်။



ပြီးခဲ့သည့် လကလည်း ယင်းစစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲသဖြင့် စစ်သား(၁)ဦး၊ ရဲ(၁)ဦး သေဆုံးခဲ့ကြောင်းနှင့် အဆိုပါ ဂိတ်မှ လက်ရှိတွင် ရပ်ကွက်ထောက်ခံစာပါရှိမှသာ ဖြတ်သန်း သွားလာခွင့်ပြုတော့ကြောင်း သိရသည်။