ပခုက္ကူမြို့ တပ်မ ၁၀၁ မှထွက်လာသည့် စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ အနီးအနားရှိ ကျေးရွာများအား လေကြောင်းဖြင့်တိုက်ခိုက်

ပခုက္ကူမြို့ တပ်မ ၁၀၁ မှထွက်လာသည့် စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ အနီးအနားရှိ ကျေးရွာများအား လေကြောင်းဖြင့်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှထွက်လာသည့် စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီမှ အနီးအနားရှိကျေးရွာများသို့ လေကြောင်းဖြင့် တိုက်ခိုက်ကြောင်း Young Force UG အဖွဲ့ထံမှ သိရသည်။

တပ်မ ၁၀၁ မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသယ်ဆောင်လာသည့် မော်တော်ယာဉ် (၂)စီးအား ၂၀၂၄ခုနှစ် သြဂုတ်လ (၄) ရက်နေ့ ညနေလေးနာရီခွဲခန့်တွင် ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးရှိ ကားလမ်း၌ တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ၊ စစ်ကား (၂) စီးမှာ ရှေ့သို့ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲ အလောင်းနှင့် ဒဏ်ရာရစစ်သားများအား သယ်ဆောင်၍ ပခုက္ကူမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း Young Force UG အဖွဲ့က ဆိုသည်။

အဆိုပါ မော်တော်ယာဉ် (၂)စီး မိုင်းဆွဲခံရသည့်နေရာအား တော်လှန်ရေးအင်အားစုများမှ နယ်မြေရှင်းလင်းမှုဆောင်ရွက်ခဲ့ရာ ကာဘိုင်ကျည်အိမ် (၁) ခု၊ ၎င်းကျည် (၁၆)တောင့်၊ MG 1 လက်ပစ်ဗုံး (၂)လုံး၊ G3 ကျည် (၄)တောင့်၊ ၅.၅၆ ကျည် (၇)တောင့်၊ အီကွက်မန့် (၁)ခု နှင့် ဂွရှင် (၁)ချောင်း တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီမှ သြဂုတ်လ (၅)ရက်နေ့နှင့် (၆)ရက်နေ့တို့တွင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ Mi-35ဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာဖြင့် (၁၀)ကြိမ်ထက်မနည်း ဗုံးကြဲခြင်း ၊ Y-12 ဖြင့် ကလက်စတာဗုံးများချခြင်းတို့ဖြင့် ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

#TachileikNewsAgency

Photo: Young Force UG