နိုင်ငံအတွင်း နေအိမ်နှင့် မည်သည့် အဆောက်အဦးများမဆို ဆောက်လုပ်ပါက အဆောက်အုံ၏ ပုံစံနှင့် ဖွဲ့စည်းပုံများကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ အသစ်ပြဌာန်းလိုက်သည့် ၂၀၂၂ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည်ကို တွေ့ရသည်။
အစိုးရဌာနနှင့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အပါအဝင် မည်သူမဆို စုပေါင်းအိမ်ရာ၊ ဈေး၊ လူအများအပြား စုဝေးအသုံးပြုမည့် အဆောက်အအုံ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်ရုံ အလုပ်ရုံများ ဆောက်လုပ်ပါက အဆောက်အအုံ၏ ပုံစံနှင့်ဖွဲ့စည်းပုံကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း နှင့် လုံခြုံရေးနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့သို့ အကြံပြုချက်များ တောင်းခံနိုင်သည်ဟု ၂၀၂၂ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေ အထွေထွေ ကဏ္ဍတွင် ဖော်ပြထားရှိသည်။
ပုံမှန်အားဖြင့် လူနေအဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက စည်ပင်သာယာရေးဌာနကို မဖြစ်မနေတင်ပြရပြီး ယခုအခါတွင် မြို့နယ်ရဲတပ်ဖွဲ့ထံ မဖြစ်မနေ တင်ပြရတော့မည် ဖြစ်သည်။
ရဲတပ်ဖွဲ့သို့ တင်ပြရာတွင် ငွေကြေးတောင်းခံခွင့် ရှိ မရှိ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကန့်သတ်ထားခြင်းတော့မရှိပေ။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ရဲအက်ဥပဒေများဖြစ်သည့် ၁၉၅၉ခုနှစ် ကရင် နှင့် ကယားပြည်နယ်ရဲအဖွဲ့၏ အက်ဥပဒေများ အပါအဝင် The Yangon Police Act ,1899 နှင့် The Police Act, 1945 တို့ကို ဖျက်သိမ်းပြီး ၂၀၂၂ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ ကို လွှတ်တော်မရှိဘဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်မှတ်ရေးထိုးကာ ၂၀၂၂ခုနှစ် မတ်လ(၂၅)ရက်နေ့က ပြဌာန်းလိုက်ရာတွင် နေအိမ်ဆောက်လုပ်ခြင်း ကိစ္စရပ်ကိုလည်း ရဲတပ်ဖွဲ့ဥပဒေ၏ အထွေထွေကဏ္ဍတွင် ထည့်သွင်းပြဌာန်းထားခြင်း ဖြစ်သည်။
#TachileikNewsAgency