ရန်ကုန်တွင် နေရပ်ပြန်၍ ဖမ်းဆီးခံရသည့် ရခိုင်လူငယ်တချို့ပြန်လွတ်၊ အများအပြားဖမ်းဆီးခံထားရဆဲ

ရန်ကုန်တွင် နေရပ်ပြန်၍ ဖမ်းဆီးခံရသည့် ရခိုင်လူငယ်တချို့ပြန်လွတ်၊ အများအပြားဖမ်းဆီးခံထားရဆဲ

ရန်ကုန်မြို့တွင် နေရပ်ပြန်၍ ဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသားလူငယ်(၁၀၀)ကျော်အနက် လူငယ်တချို့မှာ ပြန်လည်လွတ် မြောက်လာပြီဖြစ်သော်လည်း အများစုကို စစ်ကောင်စီတပ်က ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

ပြန်လွတ်လာသူများထဲတွင် မြေပုံမြို့နယ် ယောချောင်းရွာသာယာရွာမှ လူငယ်(၁၄)ဦးအနက် (၉)ဦးပြန်လွတ်လာပြီဖြစ်ပြီး တချို့ဒေသများမှ လူငယ်တချို့လည်း ပြန်လွတ်လာသော်လည်း စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားသူများရှိနေသည်ဟု သိရသည်။

“ပြန်လွတ်လာတဲ့သူတွေရှိနေပြီ။ ဒါပေမယ့် ရခိုင်ကိုပေးမပြန်ဘူး။ ရန်ကုန်မှာပဲနေခိုင်းတယ်။ ဘာကြောင့်လည်း ဆိုတာတော့ မသိရဘူး။”ဟု ပြန်လွတ်လာသူတစ်ဦးနှင့် နီးစပ်သူက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့က အောင်မင်္ဂလာအဝေးပြေးကားဝန်းမှ ရခိုင်သို့ပြန်လာသည့် အဝေးပြေးကား(၃)စီးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်၌ တားဆီး၍ လူငယ်(၁၀၀)ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အသက်(၁၈)နှစ်မှ (၂၅)နှစ်အတွင်း လူငယ်များဖြစ်ပြီး မြေပုံ၊ မင်းပြား၊ စစ်တွေ၊ တောင်ကုတ်၊ မြောက်ဦးနှင့် ကျောက်တော်တို့မှ ပါဝင်သည်ဟု Tachileik News Agencyက စုံစမ်းသိရှိထားသည်။

“ပြန်လွတ်လာပါပြီ။ လှိုင်သာယာက စစ်တပ်မှာသွားခေါ်လာခဲ့ရတာပါ။”ဟု ပြန်လွတ်လာသူတစ်ဦးနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်အကြောင်းအရာများကို မေးမြန်းခြင်းများ ပြုလုပ်ကြောင်းနှင့် ခံဝန်ချက်ပေးရကြောင်းကိုမူ မပြောလိုကြောင်းနှင့် လူဦးရေမည်မျှ ဖမ်းဆီးခံထားရပြီး ပြန်လွတ်ခြင်းမရှိသေးသူ မည်မျှရှိကြောင်းကို အသေးစိတ် မသိရသေးပါ။ ဖမ်းဆီးခံရသူများမှာ ရန်ကုန်ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်သူအများဆုံးဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency