မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင်  ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထား၍မရဟု NLD ထုတ်ပြန်

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင်  ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထား၍မရဟု NLD ထုတ်ပြန်

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု NLDပါတီက ထုတ်ပြန်လိုက်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်သည့် NLDပါတီအစည်းအဝေးမှ ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကိစ္စရပ်လည်း ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍ မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါသဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန်ဟုပါရှိသည်။

ထို့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီကို အင်အားတိုးချဲ့ ဖွဲ့စည်းရန် စသည့်အချက်များ အပါအဝင် ဆုံးဖြတ်ချက်(၇)ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု ချမှတ်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအချက်(၇)ချက်တွင် မည်သည့်အချက်များပါဝင်သည်ကို ထုတ်ပြန်ထားခြင်းမရှိပါ။

အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် (၁)ဦး၊ ဗဟိုကော်မတီဝင် (၄၄)ဦး၊ အရံဗဟိုကော်မတီဝင်  (၁၀)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် (၂၀)ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၈)ဦး စုစုပေါင်း (၉၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency