ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှ ထွက်ပြေးလာသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး မိုင်းနင်းမိရာက ဒဏ်ရာရနေချိန် အချင်းချင်းစွန့်ပစ်သွား၍ သေဆုံးသွားသည့် ပြည်သူ့စစ်ကို ကာဘိုပြည်သူ့ကာကွယ်ရေးတပ်က မြေမြှုပ်ပေးရသည်ဟု သိရသည်။
၂၀၂၄ နှစ်ကုန်ပိုင်းက လန်ဆယ်ဒေသအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် ပြည်သူ့စစ်များ လမ်းတွင်မိုင်းနင်းမိခြင်းဖြစ်သည်ဟု ဆိုသည်။
မိုင်းကြောင့် (၂)ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး စွန့်ပစ်ထားခဲ့သဖြင့် ပြည်သူ့စစ်တစ်ဦးက ရှာဖွေပေးရန် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ထံ အကြောင်းကြားလာခြင်းကြောင့် သွားရောက်ရှာဖွေရာ သေဆုံးလျှက်တွေ့ရှိရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် သင်္ဂြိုလ်ပေးခဲ့ရသည်ဟု သိရသည်။
“ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရစစ်သည်များအား ခေါ်ဆောင်ခြင်းမရှိပဲ စွန့်ပစ်ထားသည့် ရုပ်အလောင်းနှစ်လောင်းအား မိမိတို့ KPFဖက်မှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပါသည်။”ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြသည်။
ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ခေါင်လန်ဖူးဒေသနှင့် ပူတာအိုဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုများစွာ ရှိကြောင်းလည်း မဟုတ်မမှန် သတင်းများဖြန့်ဝေနေသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် စစ်အာဏာရှင်အုပ်စု၏ အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ မဟုတ်မမှန်ဝါဒဖြန့်ခြင်းကို ပြည်သူများမယုံကြည်ကြရန်နှင့် မကြာတော့မည့်အချိန်တွင် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ ပူတာအိုဒေသကို မလွဲသာမရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁၀)ရက်နေ့ကလည်း လန်ဆယ်ဒေသတိုက်ပွဲတွင် ပြည်သူ့စစ်တပ်သား(၅)ဦးကို တပ်ဖွဲ့ဝင် အချင်းချင်း စွန့်ပစ်ထားခဲ့သဖြင့် တော်လှန်ရေးတပ်ဘက်က ဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်သူ့စစ် အရာရှိကလည်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့သေးသည်။
#TachileikNewsAgency
#TNA_MAT
Photo:Kagabu People's Force - Kàgvbù M. Cìldap