ပုလောမြို့နယ် ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်

ပုလောမြို့နယ် ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းထံမှ သိရသည်။

ပုလောမြို့နယ် ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၁၀)နာရီခွဲတွင် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)တပ်ရင်း (၇)တို့ ပူးပေါင်းပြီး ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သည် ၎င်းတို့ စခန်းမကျစေရေးအတွက် Mi-2 ရဟတ်ယာဉ် (၂)စီး၊ K-8W Jet Fighter (၂)စီးတို့ဖြင့် လေကြောင်းမှ (၂၃)ကြိမ် ဗုံးသီး (၇၀)ခန့် ကြဲချပစ်ကူပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးပြီး (၈)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းမှ တပ်ဖွဲ့ဝင် (၄)ဦးနှင့် KNDO တပ်ရင်း (၇)မှ တပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းသည် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇)နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်လျက်ရှိပြီး လက်ရှိအချိန်ထိ အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေဆဲဖြစ်ကာ နေ့စဉ်နှင့်အမျှ နှစ်ဖက်အပြန်အလှန် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)