နေပြည်တော်ရှိ စစ်ခေါင်းဆောင်၏ ရုပ်ပွားတော်အတွက် စီးပွားရေးသမားများ ဘီလီယံချီငွေလှူ၍ မျက်နှာလုပ်

နေပြည်တော်ရှိ စစ်ခေါင်းဆောင်၏ ရုပ်ပွားတော်အတွက် စီးပွားရေးသမားများ ဘီလီယံချီငွေလှူ၍ မျက်နှာလုပ်

နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်၏ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်အတွက် စစ်တပ်စီ၏ထောက်တိုက် စီးပွားရေးသမားများက ငွေကျပ်(၁၆.၁၇၇)ဘီလီယံလှူဒါန်းကြောင်း စစ်ကောင်စီဘက်က ဖော်ပြထားသည်။

၎င်းလှူဒါန်းမှုကို ၂၀၂၃ခုနှစ် ဇွန်လ (၂၉)ရက်နေ့ မနေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အခြေအနေ ရှင်းလင်းပြသပွဲတွင် စစ်ခေါင်းဆောင်လက်ထဲသို့ စီးပွား‌ရေးသမားများက လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလှူရှင်(၁၀၁)ဦးက ငွေကျပ်(၁၆.၁၇၇)ဘီလီယံ လှူဒါန်းကြောင်း စစ်ကောင်စီဘက်က ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထုတ်ပြန်လာရာတွင် CB Bankဥက္ကဋ္ဌ ဦးခင်မောင်အေး၊ Max Myanmarကုမ္ပဏီမှ ဦးဇော်ဇော်၊ A Bankပိုင်ရှင် ဦးဇော်ဝင်းရှိန်၊ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးဝင်းအောင်၊ စစ်ကောင်စီအတွက် စစ်လက်နက် တင်သွင်းပေးသည့် Authentic Companyမှ ဦးအောင်မျိုးဟိန်း၊ စစ်ခေါင်းဆောင်၏သားဖြစ်သူ ဦးအောင်ပြည့်စုံ၏ စီးပွားရေးလုပ်ငန်းများကို နာမည်ခံ လုပ်ဆောင်ပေးရသူ Yetagon Energy ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့အပါအဝင် စီးပွားရေးသမားများစွာ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ဖမ်းခံရပြီးနောက်ပြန်လွတ်လာသည့် စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်လည်း အလှူငွေထည့်ကြောင်း ရုပ်မြင်သံကြား၌ ဖော်ပြသော်လည်း ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပါဝင်လာခဲ့ခြင်းမရှိပါ။

မာရဝိဇယရုပ်ပွားတော်သည် အာဏာရှင်ဟောင်း သန်းရွှေ လှူဒါန်းခဲ့သော စကျင်ကျောက်တုံးကြီးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လ၌ အမြင့်(၆၅)ပေ၊ ရှေ့အလျား (၁၅၄)ပေ၊ ထုပေ ၂၀ (A) အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့ကာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဟုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

#TachileikNewsAgency