ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိ

ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၉)ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့ နေ့လယ် (၁) နာရီခန့်တွင် စစ်ကောင်စီ အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များထဲသို့ လက်နက်ကြီး (၁၀)လုံး ပစ်ခတ်ခဲ့ရာ လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲပြီး သိပ်ဇရပ် ရွာလေးရပ်ကွက် (၇) လမ်းတွင် နေထိုင်သည့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် စုစုပေါင်း ဒေသခံ (၂)ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုနေ့ နေ့လယ်(၁၂) နာရီ (၃၀)မိနစ်တွင် သိမ်ဇရပ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအား တောင်လှန်ရေး အင်အားစုမှ ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့၍ ၎င်းတို့မှ အရပ်သား ပြည်သူများအ‌ပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရကြောင်း KNU ဗဟိုမှ ဆိုသည်။

 

ဇူလိုင်လ (၂၃) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီး၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ မနက် (၉)နာရီအချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

တိုက်ပွဲဖြစ်ပွားစဉ် ကျိုက်ထိုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အမှတ် (၆၀၂) ဒုံးတပ်ရင်းမှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းရွာထဲသို့  ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး(ဟောင်ဝစ်ဇာ) (၄)ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ (၇)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးသူများမှာ ရွှေတွင်းအလုပ်သမားများဖြစ်ကြပြီး ကျောက်တန်းလေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် မြို့သို့ တိမ်းရှောင်ရန် ထွက်လာစဉ် ပျဉ်းကတိုးကုန်းရွာအရောက်တွင် ၎င်းတို့အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ် အမှတ်(၆၀၂) ဒုံးတပ်ရင်းမှာ ယခင်က အမှတ်(၆၀၂) အမြောက်တပ်ရင်း တစ်ခု ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ ဒုံးတပ်ရင်းအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်း ဒေသခံ (၉၅,၂၇၃ )ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU