သံတွဲတိုက်ပွဲတွင် ဒဏ်ရာရတပ်သားများကို စစ်ကူအဖြစ် စစ်ကောင်စီအသုံးပြုနေရ၊ သံတွဲမြို့မရဲစခန်း အလံဖြူထောင်ပြီဟု သတင်းထွက်နေ

သံတွဲတိုက်ပွဲတွင် ဒဏ်ရာရတပ်သားများကို စစ်ကူအဖြစ် စစ်ကောင်စီအသုံးပြုနေရ၊ သံတွဲမြို့မရဲစခန်း အလံဖြူထောင်ပြီဟု သတင်းထွက်နေ

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေတိုက်ပွဲတွင် အထိနာသဖြင့် စစ်ကူလိုက်နေရသည့် စစ်ကောင်စီတပ်တွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများလည်း ပါဝင်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် မောင်ရွှေလေးရေတပ်မှ ဂျိတ္တောသို့တက်လာပြီး ခလရ (၅၅)တပ်ကို စစ်ကူပို့သည့် စစ်ကောင်စီတပ်သား(၁၀၀)ဝန်းကျင်တွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများလည်း ပါဝင်နေသည်ဟု သိရသည်။

“မောင်ရွှေလေး ရေတပ်စခန်းကနေ အင်အား(၁၀၀)ဝန်းကျင်က ဒီနေ့မနက် အင်အားဖြည့်ပြီး ခလရ(၅၅)အ နောက်ဘက်တောင်ကြောမှာ နေရာယူဖို့တက်သွားတယ်။ တပ်ရင်းထဲမှာ လူတောင်မရှိတော့ဘူး။”ဟု စစ်ရေး သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ယမန်နေ့ ညပိုင်းကစတင်၍ လေဆိပ်အနီးရှိ ခမရ(၅၆၆)တပ်ကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က Navy မှ လက်နက်ကြီးများနှင့် လှမ်းပစ်ကူနေကာ တိုက်ပွဲပြင်းထန်နေသဖြင့် စစ်ကောင်စီတပ်က စစ်ကူပို့နေခြင်းဖြစ်သည်ဟု သိရသည်။

“ကားတွေကိုတားပြီး စစ်သားတွေက ခလရ(၅၅)တပ်ထဲ ပို့ခိုင်းတာတွေ့တယ်။ (၃)ဘီးဆိုင်ကယ်တွေကိုလည်း ချောဆွဲသွားတယ်။ ကုန်ကားပေါ်ကိုတော့ စစ်ပစ္စည်းတွေတင်တာတွေ့တယ်။ ဒဏ်ရာရစစ်သားတွေလည်း စစ်ကူလိုက်နေရတာတွေ့တယ်။ ဗိုလ်ကြီးတစ်ဦးလည်းပါတယ်။”ဟု မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် လေဆိပ်အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရာ ဗျူဟာမှူး တစ်ဦးကို ဖမ်းမိထားကြောင်းလည်း စစ်ရေးသတင်းအမြစ်ကဆိုသည်။ 

သံတွဲလေဆိပ်ကို AA က ယမန်နေ့ ၂၀၂၄ခုနှစ် ဇွန်လ(၂၃)ရက်နေ့က ပိတ်ဆို့ထားရာက ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သံတွဲတွင် စစ်ရှုံးနေသဖြင့် စစ်ကောင်စီတပ်ဘက်က စစ်သင်တန်းပေးထားသည့် ပြည်သူ့စစ်များကို စည်းရုံးကာ တိုက်ခိုင်းခဲ့သော်လည်း ပြည်သူ့စစ်များ ထွက်ပြေးသည်ဟုလည်း သတင်းထွက်နေသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် သံတွဲမြို့တွင်းသို့ လက်နက်ကြီးကျည်ကျကာ သံတွဲမြို့မရဲစခန်းမှ ရဲများလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ရဲမိသားစုဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။

“ရဲတွေ၊ SB၊ စ(၃)လုံးတွေ၊ မော်တော်ပီကယ်တွေအကုန်လုံး ကျိန္တလီရောက်နေပြီ။ ရဲစခန်းလည်း အလံဖြူထောင်တယ်လို့ပြောတယ်။ အခု ရာအိမ်မှူးတွေရောအကုန် မရှိတော့ဘူး။ အုပ်ကြီးတွေက တပ်ရင်းတွေထဲ ပြေးကုန်ပြီ။”ဟု ရဲမိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသခံတစ်ဦးကလည်း "ရဲစခန်းအလံဖြူထောင်တယ်တဲ့။ ရဲတွေအရပ်၀တ်နဲ့ထွက်ပြေး တယ်ပြောတယ်။"ဟု Tachileik News Agency ကိုပြောသည်။

မြို့မရဲစခန်း အလံဖြူထောင်သည့် သတင်းကို ဒေသခံများထွက်ပြေးနေရခြင်းကြောင့် Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

သံတွဲမြို့အတွင်း မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ ဘဏ်များနှင့် အကျဉ်းထောင်တို့ရှိကာ ရဲစခန်းရှေ့ရှိ စီးပွားရေးဘဏ်မှာလည်း ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။ 

ဂျိတ္တော၊ မြပြင်၊ လင်းသာတို့မှ ပြည်သူများလည်း ဂွ၊ ကျိန္တလီမြို့နယ်ဘက်သို့ တိမ်းရှောင်ရန်ပြင်ဆင်နေကြပြီး လုံးသာ၊ သံတွဲလမ်းမမှာ သွားလာရမလွယ်ကူတော့၍ မြိုရှောင်လမ်းကို အသုံးပြုနေကြရသည်ဟု သိရသည်။

#TachileikNewsAgency