မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုမှာ မိမိတို့ လုပ်ဆောင်ချက် မဟုတ်ကြောင်းနှင့် ပြည်သူလူထုအပေါ် ထိခိုက်နစ်နာပျစ်စီးဆုံးရှုုံးမှုဖြစ်စေသည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ မလုပ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်သည်။
"ကျွန်ုပ်တို့ KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှု များအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်းနှင့် ကျွန်ုပ်တို့ KRF မှ ပစ်မှတ် ထား တိုက်ခိုက်ခြင်းများအား ပြည်သူများ ထံသို့ KRF page မှတဆင့် အတိအလင်း အသိပေးဖော်ပြမည် ဖြစ်ပါသည်။"ဟု KRF က သတင်းထုတ်ပြန်ထားသည်။
ကင်မွန်းချောင်းကျေးရွာရှိ အထက(ကင်မွန်းချောင်း)စာသင်ကျောင်းရှေ့တွင် ဇန်နဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲ (၁) ဦးနှင့် ကျောင်းသူ (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
စစ်အာဏာရှင်ကို တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် ကျင့်ဝတ်လိုက်နာပြီး လူ့အခွင့်အရေးအလေးထားသည့် ဆောင်ရွက်ချက်များဖြစ်စေရေးအတွက် လိုက်နာရမည့် ကျင့်ဝတ်၊ စံနှုန်းများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်တိုက်တွန်းအသိပေးခြင်းများကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။