၁၉၈၅ခုနှစ်က မသိမ်းပိုက်နိုင်ခဲ့သည့် ယောယုံဗျူဟာကုန်းအပါအဝင် တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

၁၉၈၅ခုနှစ်က မသိမ်းပိုက်နိုင်ခဲ့သည့် ယောယုံဗျူဟာကုန်းအပါအဝင် တပ်စခန်း ၃ ခုကို KIA သိမ်းပိုက်

ကချင်ပြည်နယ် မြို့(၃)ခုရှိ စစ်ကောင်စီတပ်၏ ယော်ယုံနည်းဗျူဟာစခန်းအပါအဝင် စခန်း(၃)ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းများမှ မိုင်ဂျာယန်ကို လက်နက်ကြီးနှင့်ပစ်ခတ်နေသည့် စကခ(၂၁)လက်အောက်ခံ နည်းဗျူဟာ(၂)စခန်း၊ မိုးမောက်-စိန်းလုံကမ္ဘာလမ်းကြောင်းရှိ လော့ဒန်စခန်းနှင့် လွယ်ဂျယ်မြို့ အပေါ်စေတီကုန်းတန်းရှိ ရတလ(၁၄၂) ဖလန်ဘွမ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စကခ(၂၁)လက်အောက်ခံ ယော်ယုံနည်းဗျူဟာ(၂)စခန်းသည် ၁၉၈၅ခုနှစ် မတ်လက KIA ပူးပေါင်း ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)တပ်ဖွဲ့များက တိုက်ခိုက်စဉ် မအောင်မြင်ခဲ့သည့် တပ်စခန်းဖြစ်သည်။

၁၉၈၄ ခုနှစ်က KIAနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)တပ်ဖွဲ့များသည် ရွှေလီမြစ်နှင့် ဧရာဝတီမြစ်ကြားတွင် ပူးတွဲစစ်ရေးစီမံကိန်းပြုလုပ်မည့်စစ်ဆင်ရေးကို ရွှေရာအောင်စစ်ဆင်ရေးဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

ထိုအပြင် KIA သည် ၁၉၈၅ခုနှစ်က မသိမ်းပိုက်နိုင်ခဲ့သည့် ယောယုံဗျူဟာကုန်းကိုလည်းတိုက်ခိုက်သိမ်းပိုင်စဉ် ကာကင်းစခန်းများဖြစ်သည့် လော့မွန် စခန်း၊ ဘန်ယောင်းစခန်း၊ ရှန်တိုင်းဘွမ်စခန်းများအား မတ်လ( ၂၇)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရ သည်။

အဆိုပါစခန်းများအား တိုက်ခိုက်သိမ်းပိုက်စဉ် ယော်ယုံတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စိန်လုံတောင်ရှိ စစ်ကောင်စီတပ်စခန်းများက မိုင်ဂျာယန်အနီးဝန်းကျင်သို့ လက်နက်ကြီး(၁၀)ကြိမ်နှင့်အထက် ပစ်ခတ်ရာ မိုင်ဂျာယန်မြို့အတွင်းသို့ (၈)ကြိမ်ကျပြီး တရုတ်နယ်စပ်သို့ လက်နက်ကြီး(၂)လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ ယော်ယုံ၊ ဘန်ရောင်၊ ရှန်တိုင်းတောင်၊ မဒါဘွမ်၊ လော့ဒန်၊ လော့မွန်၊ ငါ့ဂယန် စခန်းများကို KIA သည် မတ်လ(၂၇)ရက်နေ့ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency