ကျောက်မဲ ဒလန်ကို ဖမ်းဆီးသည့်အမှု တစ်ပတ်ကြာတွင် ဒလန်ပြန်လွတ်

ကျောက်မဲ ဒလန်ကို ဖမ်းဆီးသည့်အမှု တစ်ပတ်ကြာတွင် ဒလန်ပြန်လွတ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု လူသိများသူကို ပကဖ က ထိန်းသိမ်း၍ TNLA ထံ အပ်နှံလိုက်ပြီးနောက် တစ်ပတ်အကြာတွင် ပြန်လွတ်လာသည်ဟု သိရသည်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဒလန်ဟု လူသိများသူကို ကျောက်မဲ ပကဖ က ထိန်သိမ်းပြီးနောက် TNLA ရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ရာ ဖမ်းဆီးခဲ့သည့် ပကဖမှ ဒုတာဝန်ခံ ကိုအိုင်ပီသည် TNLA၏ ရဲစခန်းတွင် သွားရောက်ဖြေရှင်းလိုက်ရသည်ဟု ဆိုသည်။ 

“သူက စစ်ကောင်စီခေတ်မှာကထဲက ကျောက်မဲရဲ့ ထိပ်တန်း ဒလန်လေးယောက်ထဲက တစ်ယောက်ပါ။ ဖမ်းခံရတဲ့ ကလေးတွေ၊ နိုင်ကျဥ်းတွေ ပြောပုံအရ သူတို့ကို ဖမ်းတုန်းက အဲဒီလူကိုယ်တိုင် အိမ်လိုက်ပြတာမျိုးတွေရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့ သူ့ကို မလုပ်လောက်ပါဘူးလို့ပဲ တွေးလားမသိဘူး။ မြိုသိမ်းပြီးတာတောင် ပြန်လာတယ်သူက။ တိုင်တဲ့သူတွေကတိုင်တော့ သွားရောက်ထိန်းသိမ်းစစ်ဆေးကြတယ်။ ”ဟု ကျောက်မဲ ပကဖမှ ဆက်သွယ်ရေးရေးတာဝန်ခံ ကိုဓူဝံက Tachileik News Agency ကိုပြော သည်။ 

၎င်းအား သွားရောက်ထိန်းသိမ်းပြီး စစ်ဆေးရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးများ၊ လူကြီးပိုင်းများနှင့် ဆက်သွယ်ထားသည့် အချက်အလက်များကိုတွေ့ရှိရသည့်အပြင် ဖုန်းနံပါတ်များထဲတွင်လည်း စစ်ကောင်စီနှင့်ဆက်သွယ်ထားသည့် စာရင်းများကို တွေ့ရှိသည်ဟု ဆိုသည်။ 

“သူကိုယ်တိုင်လည်း ဒလန်ပါ အတိုဆောင်တယ်ဆိုတာ ဝန်ခံခဲ့တယ်။ ပြောရရင် ကြမ်းကြမ်းတမ်းတမ်းတော့ မလုပ်ခဲ့ပါဘူး။ မျက်လုံးစည်းတယ် လက်နောက်ပြန်ခပ်တယ်။ အဲဒီညပဲ လက်ထိပ်ဖြည်ပေးတယ်။ ဒါကိုသူက မျက်လုံးစည်းခိုးချွတ်တယ်။ ဒါကိုမြင်တော့ ရိုက်လိုက်တာ လက်သူကြွယ် အရိုးထိသွားတယ်ပေါ့။”ဟု ၄င်းက ဆက်ပြောသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် ဆေးဖက်ဆိုင်ရာ တာဝန်ခံက ချက်ချင်းကုသပေးခဲ့သည့်အပြင် ၎င်း၏ ရောဂါအခံ သွေးတိုးရောဂါကိုပါ ကုသမှုပေးခဲ့သည်ဟု ကျောက်မဲ ပကဖ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိန်းသိမ်းထားပြီးနောက် တစ်ပတ်အကြာတွင် TNLA ရဲစခန်းက ၎င်းတို့ထံ လွှဲပြောင်းပေးရန် ပြောဆိုလာသဖြင့် လွှဲပြောင်းပေးလိုက်ပြီး စတင်ထိန်းသိမ်းစဉ်က သိမ်းဆည်းထားခဲ့သည့် ဖုန်းနှင့် လက်ဝတ်တန်ဆာများကို စာရင်းပြုလုပ်၍ အပ်နှံလိုက်သည်ဟု သိရသည်။ 

“ကျွန်တော်တို့ အတွေးကတော့ ရဲတွေက ထောင်ချချင်ချပေါ့။ ဒါကို တစ်ပတ်မကြာဘူး ရဲက ပြန်လွှတ်ပေးလိုက်ပြီး အဲဒီကနေ ဆက်တိုက်မွှေတာပဲ။ ကျွန်တော်တို့အဖွဲ့ကို TNLA က ဖမ်းတယ်ဆိုတဲ့ သတင်းကလဲ ခရိုင်အဖွဲ့နဲ့ နားလည်မှုလွဲပြီး ရဲစခန်းမှာ ခေတ္တဖြေရှင်းလိုက်ရတာမျိုးလေးပါ။ ဖမ်းခံရတာမဟုတ်ဘူးဗျ။ ဒီအတိုင်းပဲ ရဲစခန်းမှာ သွားဖြေရှင်းလိုက်ရတာဗျ။ ဒုတာဝန်ခံ အိုင်ပီတစ်ဦးထဲပါ။ အမိန့်မနာခံမှုဆိုတဲ့ ခေါင်းစဥ်အောက်ကပါ။ သူက(ဒလန်) မဟာမိတ်တွေကြား ရန်တိုက်တယ်။ အခုလည်း မီဒီယာအားကိုးပြီး သွေးခွဲနေပြန်တယ်။”ဟု ကိုဓူဝံက ပြောသည်။ 

၎င်းပြန်လည်လွှတ်မြောက်လာသဖြင့် ပကဖ၏ တည်နေရာများအား သိရှိထားခြင်းကြောင့် စစ်ကောင်စီ လေကြောင်းရန်ကို စိုးရိမ်နေရသည်ဟုလည်း ကျောက်မဲ ပကဖ ကဆိုသည်။ 

ဒလန်ဆိုသူကို TNLA ဘက်က မည်သည့်အတွက်ကြောင့် ပြန်လွှတ်ပေးလိုက်သည်နှင့်ပါတ်သက်ပြီး Tachileik News Agency က TNLA ၏ ပြောခွင့်ရ လွှေးယေဦးထံ အချိန်ယူ၍ ဖုန်း၊ ဆင်ဂနယ်၊ တယ်လီဂရမ်တို့မှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။  

ကျောက်မဲ ပကဖသည် ၂၀၂၁ခုနှစ် ကတည်းက စတင်ဖွဲ့စည်းခဲ့ကာ တပ်ရင်းအဖြစ် ၂၀၂၄ မတ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်အသိအမှတ်ပြုခဲ့ပြီး တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့နှင့်အတူ စစ်ရေးလှုပ်ရှားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း TNLA သည် တော်လှန်ရေးတပ်များနှင့်အတူ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုး ကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြို့နယ်(၁၂)မြို့ကို သိမ်းယူ၍ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ယူထားခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT