ပြင်ဦးလွင်ခရိုင်အတွင်းရှိ စစ်ရှောင်များ ဆေးဝါးများလိုအပ်နေ

ပြင်ဦးလွင်ခရိုင်အတွင်းရှိ စစ်ရှောင်များ ဆေးဝါးများလိုအပ်နေ

မန္တလေးတိုင်း မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနှင့် နေ့စဥ်နီးပါး စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံအများအပြား တိမ်းရှောင်နေရကာ ဆေးဝါးလိုအပ်ချက်ရှိနေကြောင်း ပြင်ဦးလွင်ခရိုင် ပကဖထံမှ သိရသည်။ 

စစ်မှုထမ်းသင်တန်းဆင်းများနှင့်အတူ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်ရှိ ကျေးရွာများကို နေ့စဥ်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်‌ရှောင်နေရသည့်ဒေသခံများ ဆေးဝါးလိုအပ်နေခြင်းဖြစ်သည်။

"ကိုယ်ဝန်ဆောင်အားဆေးတွေ၊ ကလေးငယ်သန်ချဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဆီးချိုတိုင်းစက်အပါအဝင် အားဆေးနဲ့ ဓာတ်ဆားတွေလိုအပ်နေတယ်။"ဟု ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောသည်။

စစ်ရှောင်များထဲတွင် ဖျားနာသူ၊ နာတာရှည်ရောဂါရှိသူများပါဝင်ခြင်း‌ကြောင့် မြို့နယ်ပကဖနှင့် ခရိုင်ပကဖတို့ပူးပေါင်းပြီး လှည့်လည် ဆေးကုသ‌ပေးနေရသည်ဟု ဆိုသည်။

ထို့အပြင် ပြင်ဦးလွင်ခရိုင်အတွင်းရှိ တခြားမြို့နယ်များကိုလည်း ဆေးကုသပေးရန်အတွက် ပြည်သူများအနေဖြင့် ဆေးဝါးလှူဒါန်းပေးကြရန်လည်း တောင်းဆိုထားသည်။

မတ္တရာမြို့နယ်နှင့် စဥ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ကျေးရွာများအား မီးရှို့နေခြင်းကြောင့် ကျေးရွာ (၂၀)နီးပါး မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။

#TachileikNewsAgency