မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ FAWကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီ FAWကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်

FAWကားတစ်စီးအား PDF ပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖမှ ဇူလိုင်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာ၌ ဇူလိုင်လ (၁၇) ရက်နေ့ ညနေ ငါးနာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀) ကျော်လိုက်ပါလာသည့် အဖြူရောင် FAWကားတစ်စီးအား PDF ပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားဖြင့် မင်းတုန်းဆေးရုံသို့ မောင်းနှင်သွားခဲ့ပြီး ဆေးရုံအားပိတ်ဆို့၍ အရေးပေါ်ဆေးကုသမှုများပြုလုပ်ခဲ့ကာ မြို့တွင်း၌လည်း မာရှယ်လောထုတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖမှ ဆိုသည်။

ပစ်ခတ်ခံရသည့် ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် သေဆုံးသူများလည်းရှိခဲ့ပြီး ထိခိုက်မှုဒဏ်ရာရရှိသူများအား ဒဏ်ရာပြင်းထန်မှုအလိုက် သရက်ဆေးရုံနှင့် မကွေးဆေးရုံများသို့ လွှဲပြောင်းကုသစေသည်ဟု ပြန်လည်ကြားသိရကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖမှ ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင်လည်း အထက်မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအား မင်းတုန်းမြို့နယ် ပ.က.ဖ ၊ မင်းလှမြို့နယ် ပ.က.ဖ ၊ မကွေးမြို့နယ် ပ.က.ဖ ၊

United States Of Burma Army – USBA၊ West River Army–WRA နှင့် Key Of Revolution Guerrilla Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency