ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ဒေသတွင် (၆)ရက်အကြာ တိုက်ပွဲအတွင်း  ဒေသခံ(၁၅၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ဒေသတွင် (၆)ရက်အကြာ တိုက်ပွဲအတွင်း  ဒေသခံ(၁၅၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ

 ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ဒေသတို့တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ (၆)ရက်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ဒေသခံ(၁၅၀၀)ကျော် စစ်ဘေးရှောင်ခဲ့ကြရသည်ဟု သိရသည်။

အာဏာသိမ်းစစ်အုပ်စု၏  ခြေလျင်တပ်များဖြစ်သည့်  ခလရ ၃၂ ၊ ခလရ ၂၈၃ ၊ ခလရ ၂၈၄  တပ်များကို တော်လှန်ရေးတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု၏ တပ်စခန်းနှစ်ခုကို သိမ်းယူနိုင်ခဲ့ပြီး ကျန်ရှိစခန်းတစ်ခုအား ဝင်ရောက်သိမ်းယူစဉ် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအများအပြားအသုံးပြုခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲများတွင် ပူးပေါင်းတပ်များက ၆၀ မမများ၊ ၄၀ မမများနှင့် RPG စသည့် လက်နက်ကြီးများဖြင့်သာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး(၉၀)ကျော်သေဆုံးသည်ဟု K.T.L.A(Lion Battalion Commando-ဗျူဟာစစ် ကြောင်း)က ထုတ်ပြန်ထားသော်လည်း အတည်ပြုနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ(၁၅၀၀)ကျော်စစ်ဘေးရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များလည်းပျက်ဆီးခဲ့ရကြောင်း သိရသည်။

လိုအပ်သည့် လက်နက်ခဲယမ်းများကို ပြန်လည်ဖြည့်တင်း၍ အခွင့်အခါသင့်သလို စစ်ကောင်စီတပ်အား တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

၎င်းစခန်းများကို K.T.L.A(Lion Battalion Commando-ဗျူဟာစစ်ကြောင်း)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် အခြားသော ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းယူ ခဲ့ခြင်းဖြစ်သည်။

 

Photo: Lion Battalion Commando