ကလေးမြို့နယ်အတွင်း ကျေးရွာများတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်း အထိနာသွား၍ ပြန်လည်ဆုတ်ခွာသွား

ကလေးမြို့နယ်အတွင်း ကျေးရွာများတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်း အထိနာသွား၍ ပြန်လည်ဆုတ်ခွာသွား

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကျေးရွာများအတွင်း ယနေ့မတ်လ (၁၆)ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၇)ဦးသေပြီး စစ်ကြောင်းပြန်လည်ဆုတ်ခွါသွားကြောင်း ကလေး PDF က သတင်းထုတ်ပြန်လာသည်။

ယနေ့ မတ်လ(၁၆)ရက်နေ့ နံနက်ပိုင်းက နတ်မြောင်းကျေးရွာဘက်မှ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာများသို့ စစ်ကြောင်း ထိုးလာရာ လမ်းကြောင်းတလျောက်တွင် ကလေး PDF၊ CNDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ နံနက် (၉)နာရီမှ (၁၂)နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ နတ်ချောင်း၊ နတ်မြောင်းရွာဘက်သို့ ပြန်လည်  ဆုတ်ခွါသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခဲ့သည့် နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေးကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကလေးနည်းပညာတက္ကသိုလ်ကို ယနေ့၊ နေ့လည်ပိုင်းတွင် ကလေး PDF က လက်နက်  ကြီးဖြင့် (၃)ကြိမ်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ချောင်းခွ၊ ဟားခါးလေးကျေးရွာသို့ လက်နက်ကြီးဖြင့် တစ်နေ့လုံး ရမ်းသမ်းပစ် ခတ်ခဲ့ကြောင်း သိရသည်။

၎င်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး အင်အား(၃၀၀)ဝန်းကျင်ဖြင့် နတ်မြောင်း၊ နတ်ချောင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးခဲ့ရာ သာစည်ရွာနှင့် နတ်မြောင်းရွာကြား၌ ကလေး PDF က မိုင်းဆွဲတိုက်ခဲ့သေး သည်။

ထို့နောက် မတ်လ(၁၅)ရက်၊ နံနက်ပိုင်းတွင် သာစည်ဘက်မှ စစ်ကြောင်းများ ဖြန့်ခွဲ၍ နတ်မြောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာရာ ကလေး PDF က ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့၊ နေ့လည်ပိုင်းတွင် ၎င်းစစ်တပ်သည် နတ်အမြောင်းရွာအတွင်း တပ်စွဲခဲ့ပြီး သာစည်ဘက်သို့ ထပ်မံစစ်ကြောင်းထိုးလာရာ ကလေး PDF က (၃)ကြိမ် မိုင်းဆွဲတိုက်ခဲ့သဖြင့် ကား(၁)စီး ပျက်စီးသွားကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် နတ်မြောင်းရွာနှင့် နတ်ချောင်းရွာတို့ကို မီးရှို့ဖျက်ဆီးရာ အိမ်(၃၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်သည်။