ရခိုင်ပြည်နယ်အတွင်း ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲရာက ကလေးများ အပါအဝင် (၃)ဦး ထိမှန်သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်ဟု စစ်ဘေးရှောင် ကူညီရေးပူး ပေါင်းအဖွဲ့ ဂွမြို့ နယ်ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က ဖြစ်ပွားခြင်း ဖြစ်ပြီး ဗုံးစထိမှန် သေဆုံးသူ(၃)ဦးမှာ အသက်(၅)နှစ်အရွယ် ယောက်ျားလေးတစ်ဦး နှင့် မိန်းကလေးတစ်ဦး အပါအဝင် လူကြီးတစ် ဦးတို့ ဖြစ်ကြပြီး သေဆုံးသူများအား ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့တာဝန်ခံများက ပို့ဆောင် သင်္ဂြိုလ်ပေးသည်ဟု သိရသည်။
ဒဏ်ရာရှိသူ(၂)ဦးအား ဆေးကုသမှုခံယူရန် ပို့ဆောင်ကူညီပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများဆေးကုသမှုခံယူရန်နှင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားဝင်စုများအား ထောက်ပံ့ကူညီပေးသွားမည်ဟုလည်း ဆိုသည်။
ဂွမြို့နယ်စစ်ပွဲကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းကြောင့်ထိ ခိုက်သေဆုံးသူ(၅)နှစ်အောက်ကလေးငယ်(၃) ဦးနှင့် လူကြီးတစ်ဦး စုစုပေါင်း(၄)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ(၃)အထိရှိလာပြီဟုလည်း ဂွမြို့နယ်စစ်ဘေးရှောင် ကူညီပူးပေါင်းအဖွဲ့၏ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်စစ်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူများ ဆေး ကုသမှုခံယူနိုင်ရန်နှင့် သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ကူညီမှုများပေးနေပြီး စစ်ကျန်လက်နက် ပစ္စည်းနှင့် ဆောင်ရန်ရှောင်ရန်၊ သိထိုက်သောအကြောင်းအရာများကို တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အသိပညာ ပေး ဟောပြောမှုများ ဆောင်ရွက်နေသည်ဟု ဆိုသည်။
ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၅၆၂)ခြေမြန်တပ်ရင်ကို အာရက္ခတပ်တော်(AA)က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်မှ မြို့နှင့် မြို့နယ်ပေါင်း(၁၉)မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး အဆိုပါ မြို့များတွင် စစ်လက်ကျန်မြေမြှုပ်မိုင်းများကို ရှင်းလင်းပေးနေကြောင်း AA ဘက်က ဖော်ပြထားသည်။
Photo: ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူပေါင်းအဖွဲ့