တပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ငွေလိမ်ခြင်းရှိနေသဖြင့် ဖမ်းဆီးအရေးယူမည်ဟု MNDAA ထုတ်ပြန်

တပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ငွေလိမ်ခြင်းရှိနေသဖြင့် ဖမ်းဆီးအရေးယူမည်ဟု MNDAA ထုတ်ပြန်
စက်တင်ဘာ 24, 2024 | 2021 Military Coup| ရှမ်းမြောက်

ကိုးကန့်(MNDAA)တပ်ဖွဲ့အယောင်ဆောင်ကာ မန္တလေး၊ တောင်ကြီး၊ မူဆယ်နှင့် မြန်မာနိုင်ငံအနှံ့တွင် ငွေလိမ်တောင်းခံခြင်းများရှိနေ၍ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း MNDAA က ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က ထုတ်ပြန်သည်။

MNDAA တပ်ဖွဲ့ဝင်များ၊ အခြားသော ဌာနဆိုင်ရာအဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်များအား လိမ်လည်ခြင်း၊ ရိက္ခာတောင်းခံခြင်းနှင့် ငွေကြေးကောက်ခံခြင်းများကို ပြုလုပ်နေခြင်းကြောင့် မသမာသူများကို ဥပဒေနှင့်အညီ အချိန်အကန့်အသတ်မရှိ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

MNDAA အနေဖြင့် ပြည်သူလူထုထံမှ ငွေညစ်၊ ငွေလိမ်ခြင်း လုပ်ရပ်များကို လုံးဝလုပ်ကိုင်ခြင်းမရှိကြောင်း၊ မန္တလေးတွင် အခွန်ကောက်ခံခြင်းနှင့် မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်မည့် မူဝါဒများ လုံးဝချမှတ်ထားခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ယင်းသို့ ငွေလိမ်၊ ငွေညစ်ခြင်းလုပ်ရပ်များခံရပါက အထူးဒေသ(၁)အုပ်ချုပ်မှုကော်မတီနှင့် MNDAA ထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency