တောင်ခမ်းရွာတိုက်ပွဲ အင်းဖိုရွာဘုန်းကြီးကျောင်းအနီးသို့ လက်နက်ကြီးကျကာ ကိုရင် ၄ ပါး ခြေထောက်ကျိုး၊ ကိုရင် အပါး ၇၀ နှင့် ဒေသခံများ ရွာလုံးကျွတ်ပြေးရ

တောင်ခမ်းရွာတိုက်ပွဲ အင်းဖိုရွာဘုန်းကြီးကျောင်းအနီးသို့ လက်နက်ကြီးကျကာ ကိုရင် ၄ ပါး ခြေထောက်ကျိုး၊ ကိုရင် အပါး ၇၀ နှင့် ဒေသခံများ ရွာလုံးကျွတ်ပြေးရ
စက်တင်ဘာ 3, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ကျေးရွာများ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် ကိုရင်ငယ်(၄)ပါး ခြေထောက်ကျိုးဒဏ်ရာရကာ ကိုရင်အပါး(၇၀)ခန့်နှင့် ဒေသခံများ ရွာလုံးကျွတ်တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

TNLA နှင့် စစ်ကောင်စီတပ်တို့သည် မကျီး၊ တောင်ရှည်၊ တောင်ခမ်းရွာတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခံများ စစ်ဘေးရှောင်ကြရာ စစ်ရှောင်နေသည့် ပဲပုပ်၊ အင်းဖိုရွာများအထိ လက်နက်ကြီးများကျရောက်ပေါက်ကွဲခြင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးကြောင်း သိရသည်။

“လတ်တလော ပဲပုပ်ရွာနဲ့ အင်းဖိုရွာထဲလက်နက်ကြီးတွေ အကျများနေတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေပါ ထိခိုက်မှုတွေရှိနေပါတယ်။ အင်းဖိုရွာထဲနဲ့ ဘုန်းကြီးကျောင်းအနီးကို လက်နက်ကြီး ပေါက်ကွဲတာကြောင့် စစ်ရှောင်နေတဲ့ ကိုရင်ငယ်တွေ ထိခိုက်မှုရှိတယ်။ နီးစပ်ရာရွာတွေရဲ့ တိုက်နယ်ဆေးရုံတွေကို သယ်ယူကုသပေးနေကြပါတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မကျီးရေ၊ တောင်ရှည်၊ တောင်ခမ်းရွာဘက် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် အဆိုပါရွာအနီးရှိ ရွာများလည်း  လတ်တလော စစ်ရှောင်ရန်အဆင်ပြေသည့် ရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကာ တချို့မှာ အင်တော မြို့နယ်ဘက်အထိ စစ်ရှောင်နေကြရသည်ဟု ဆိုသည်။

“မြေပြင်၊ ဝေဟင်ကနေ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်တာ။  ဒဏ်ရာရ ကိုရင်လေးအများစုဟာ နောင်ချိုမြို့ပေါ်ကနေ စစ်လာရှောင်ပြီး အဲဒီမှာဝါဆိုနေကြတဲ့ ကိုရင်အများစုပါ။ လတ်တလော သိရှိရတဲ့သတင်းများအရ ကိုရင်(၄)ပါး ခြေထောက်ကျိုးသွားပြီး အင်းဖိုရွာဘုန်းကြီးမှာပဲ စစ်ရှောင်ကိုရင်အပါး (၇၀)လောက် ခိုလှုံစစ်ရှောင်နေကြတာပါ။ အင်းဖိုရွာထက် ပဲပုပ်ရွာကပိုပြီး လက်နက်ကြီးကျရောက်မှုများနေလို့ ရွာစောင့်တောင်မကျန်တော့ဘဲ တစ်ရွာလုံးစစ်ရှောင်နေကြရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်များသည် ဝါးပင်ရွာဘက်ကိုလည်း မနက်ပိုင်းက ကင်းထောက်ပြီးနောက် ဗုံးလာကြဲချသွားပြီး ပြင်ဦးလွင်ဘက်မှလည်း လက်နက်ကြီးပစ်ကူပေးနေသဖြင့် (၃)ရက်နီးပါးကြာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။

“လက်နက်ကြီးတွေလည်း မကြာခဏကျရောက်ပေါက်ကွဲနေတယ်။ လေယာဉ်တွေကလည်း  ထင်ရာမြင်ရာကြဲချနေတဲ့ဒဏ်ကြောင့် တောင်ခမ်းနဲ့အနီးအနားကရွာတွေ ထိခိုက်ဆုံးရှုံးမှုတွေများတယ်။ ကျတဲ့လက်နက်ကြီးအလုံးရေကများတယ်။ နေ့လယ်ခင်းကထိ ဒေသခံတွေပြောင်းရွှေ့နေကြပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်၏ လေယာဉ်၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် မဲပုတ်၊ တောင်လှ၊ အင်းဖို၊ ယာပြင်မှ စုစုပေါင်း စစ်ရှောင် (၅၀၀)ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟုလည်း ဆိုသည်။ 

“မဲပုတ်ရွာဦးဘုန်းတော်ကြီးကျောင်းကတော့ စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးမှုရှိတယ်။ အင်းဖို၊ ယာပြင်ရွာမှာလည်း လက်နက်ကြီးစမှန်လို့ လူထိခိုက်မှုရှိတယ်။ ထိခိုက်သူဦးရေနဲ့ ဘယ်နားထိခိုက်လဲ မသိရသေးပါဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ညနေပိုင်းတွင်လည်း နောင်ချိုနှင့် ပြင်ဦးလွင်ကြားရှိ စစ်ကောင်စီတပ်၏ ဘန့်ဘွေးဂိတ်ကို TNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးသူများသည်ဟုလည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

အဆိုပါကိစ္စကိုမူ အသေးစိတ်အချက်အလက်အား Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ (၉၀၂)တပ်စခန်း၊ (၄၀၆)တပ်စခန်းနှင့် (၂၀၆)တပ်စခန်းတို့တွင် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က Y-12၊ ဂျက်ဖိုက်တာနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency