မောင်တောတွင် စစ်ကောင်စီနှင့် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများက လူသားဒိုင်းကာ အဖြစ်အသုံးပြုရန် ခေါ်ယူထားသော ဒေသခံတချို့ရှိနေဆဲဟု AA ထုတ်ပြန်

မောင်တောတွင် စစ်ကောင်စီနှင့် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများက လူသားဒိုင်းကာ အဖြစ်အသုံးပြုရန် ခေါ်ယူထားသော ဒေသခံတချို့ရှိနေဆဲဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြိုတွင်း စစ်ကောင်စီနှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများက လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံတချို့ရှိနေဆဲဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ခေတ်ကာလအဆက်ဆက်၌ အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက်ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိကလက်သည်တရားခံများမှာ စစ်အစိုးရအဆက်ဆက်နှင့် မြန်မာ့တပ်မတော်တစ်ဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီဖြစ်သည်ဟုလည်း AA က ဆိုသည်။

အကြမ်းဖက်မှုဖြစ်ရပ်တိုင်းသည် စစ်ကောင်စီ၏ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်များသာဖြစ်ပြီး ၎င်းတိုနှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များဖြစ်သည်ဟု ဆိုသည်။ 

လက်ရှိတွင် မောင်တောမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေသည်ဟု ဆိုသည်။

သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတ ဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း AA က သတိပေးထားသည်။

မောင်တောမြို့တစ်မြို့လုံးအား အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသည့် စစ်ကောင်စီသည် ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ကညင်တန်းရပ်ကွက်များအတွင်း စစ်ရေးအရအရေးပါပြီး အချက်အချာကျသော အထပ်မြင့်အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသောနေရာများအား စစ်စခန်းများအဖြစ် အသုံးပြု ခုခံနေသည်ဟု ဆိုသည်။ 

ထို့အပြင် မောင်တောမြိုအတွင်းသို့ ဆက်သွယ်ထားသော တံတားများထဲတွင် ရွှေဇားတံတားမှလွဲ၍ တံတားအားလုံးကို ဖောက်ခွဲဖျက်ဆီးထားပြီး ရွှေဇားတံတားအား ဖောက်ခွဲဖျက်ဆီးရန်ပြင်ဆင်နေစဉ်အတွင်း AA က တိုက်ခိုက်နိုင်ခဲ့သောကြောင့် မပျက်စီးဘဲ ကျန်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

AA သည် မောင်တောမြို့၏ မြောက်ဘက်ရှိ ဟော်ရီတူလာရွာ နှင့် တောင်ဘက်ရှိ မောင်နီရွာ တို့၌ တပ်စွဲစခန်းချထားသော စစ်စခန်းနှစ်ခုအား သြဂုတ်လ (၄)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းအား ယင်းနေ့တွင်ပင် သိမ်းပိုက်ရရှိခဲ့ကာ ဟော်ရီတူလာရွာရှိ စစ်ကောင်စီစခန်းအား သြဂုတ် (၆)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

သြဂုတ် (၄)ရက်နေ့နောက်ပိုင်းမှစ၍ မြို့တွင်းတိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော ဒေသခံ(၂၀,၀၀၀)နီးပါးအား AA မြို့တွင်းတိုက်ပွဲများကြားမှ ကယ်ထုတ်ထားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲအစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ပြီး  မောင်တောမြို့အတွင်း ပိတ်မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် ကြိုးပမ်းနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

မောင်တောမြို့ထဲရှိ စစ်ကောင်စီတပ်စွဲထားသောနေရာများကို လိုက်လံရှင်းလင်းနေစဉ်အတွင်း ဩဂုတ်လ(၁၅)ရက်နေ့တွင် မောင်တောမြို့အမှတ် (၂)ရပ်ကွက်၊ အထက (၂)ကျောင်းအနီး အဆောက်အအုံတစ်ခု(လူနေအိမ်)၌ စခန်းချနေရာယူထားသော စစ်ကောင်စီသင်တန်းဆင်း အစွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ပျက်စီးမှုများရှိခဲ့ပြီး အကြမ်းဖက် မူဆလင်လက်နက်ကိုင်အချို့သည် ထွက်မပြေးမီ ဆိုပါလူနေအိမ်အား မီးရှို့ထွက်ပြေးသွားခဲ့ကြပြီး မီးရှို့မှုကြောင့် ၎င်းနေအိမ်အပါအဝင် အခြားသောလူနေအိမ် (၅)လုံးလည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း မီးလောင်၍သေဆုံးနေသော မူဆလင်လက်နက်ကိုင် အကြမ်းဖက်သမား အလောင်း (၂)လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို မီးလောင်နေသောအိမ်အတွင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

ဩဂုတ်လ (၁၆)ရက်နေ့တွင်လည်း မောင်တောမြိုတွင်း မောင်တောနာရီစင်နှင့် ၎င်းအနီးပတ်ဝန်းကျင်၊ မောင်တောမြို့ ရှေ့တောင်ဘက်နှင့် မောင်တောမြိုအဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများစွာသေဆုံးကာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိတွင် မောင်တောမြို့အတွင်း စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် ဆလင်အကြမ်းဖက်အုပ်စုများ၊ ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲအစည်းများ၊ အထက်ဖော်ပြပါ အဖွဲအစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊ စစ်ကောင်စီနှင့် ARSA ၊ RSO၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်းဖက် အဖွဲ့စည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မခေါ်ယူထားသော မောင်တောဒေသခံများနှင့် ပေကပ်နေထိုင်လိုကြသောသူများသာရှိတော့သည်ဟု AA  ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk