ဒေါက်တာဇော်မြင့်မောင် ရုပ်အလောင်းကို နေ့ချင်းသင်္ဂြိုလ်ရန် စစ်ကောင်စီဖိအားပေးပြီး စစ်ကောင်စီခန့် မန္တလေး ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်းစာပို့

ဒေါက်တာဇော်မြင့်မောင် ရုပ်အလောင်းကို နေ့ချင်းသင်္ဂြိုလ်ရန် စစ်ကောင်စီဖိအားပေးပြီး စစ်ကောင်စီခန့် မန္တလေး ဝန်ကြီးချုပ်က ဝမ်းနည်းကြောင်းစာပို့
အောက်တိုဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် သင်္ဂြိုလ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး စစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့က နာရေးအိမ်သို့ လာရောက်၍ ဝမ်းနည်းကြောင်းစာကို ပေးပို့သည်ဟု သိရသည်။

စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်၏ စာတွင် "အစ်ကိုကြီး ဒေါက်တာ ဇော်မြင့်မောင် စိန့်ပီတာ ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် အစ်ကိုကြီး၏ နောက်ဆုံးခရီးတွင် လာရောက်ဂါဝရပြု နှုတ်ဆက် ကန့်တော့ပါတယ်ခဗျား။ မျက်နှာကြည်လင်စွာဖြင့် ဘဝကူးသွားသည့်အတွက် မြင့်မြတ်သောဘုံဘဝကို ရောက်ရှိ သွားပြီဖြစ်ကြောင်း ယုံကြည်ပါတယ်ခဗျာ။”ဟု ရေးသားထားသည်။

ဒေါက်တာဇော်မြင့်မောင်သည် ထောင်တွင်း၌ ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် စစ်ကောင်စီတပ်က နောက်ဆုံးအခြေအနေရောက်ရှိမှသာ ဇွန်လ(၂၅)ရက်နေ့တွင် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်သို့ ပို့ ဆောင်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ရသည်။  

"တောင်အင်းမြောက်အင်း သုဿာန်မှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ နေရာယူထားတယ်။ ဒီနေ့ သင်္ဂြိုလ်ဖို့ ဖိအားပေးနေတယ်။”ဟု ဒေါက်တာဇော်မြင့်မောင်မိသားစုနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဒေါက်တာဇော်မြင့်မောင်၏ ရုပ်အလောင်းကို အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျွဲဆည်ကန် (၃)လမ်း နေအိမ်မှ တောင်အင်းမြောက်အင်း သုဿာန်သို့ ပိုဆောင်သင်္ဂြိုဟ်မည်ဟု မိသားစုဝင်များက ပြောဆိုထားခြင်းဖြစ်သည်။

“ဆရာဇော် ဆေးရုံမှာသတိမေ့နေတဲ့အချိန် စစ်ကောင်စီက ထောင်လွတ်ငြိမ်းခွင့် ပြုတယ်လို့ လာဖတ်ပြတယ်။ ဆရာဇော် ကြားသွားပါ့မလားမသိဘူး။"ဟု ၎င်းကဆက်ပြောသည်။

NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါကို နှစ်ရှည်ခံစားနေရသူဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းရာ စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို ထောင်ဒဏ်(၂၉)နှစ်ချမှတ်ခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ NLD အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၁၉၉၀ ခုနှစ်တွင် စစ်တပ်က ဖမ်းဆီးကာ (၁၉)နှစ် ထောင်ဒဏ်ကျခံခဲ့ရကာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

၂၀၁၂ ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်ခံရကာ မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်လာကာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာပြန်သိမ်းချိန် ထပ်မံဖမ်းဆီးထောင်ချခံရခြင်းဖြစ်သည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ (၇)ရက်နေ့အတွင်း ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိ၍ ကျဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား (၁၁)ဦးနှင့် နိုင်ငံရေးအကျဉ်းသူ (၂)ဦး စုစုပေါင်း (၁၃)ဦးရှိလာပြီဖြစ်သည်။

#TachileikNewsAgency