ပခုက္ကူမြို့နယ်ရှိ ရေလာလေးတပ်စခန်း သိမ်းပိုက်ခံရ၍ ရေလာကြီးရွာကို စစ်ကောင်စီ မီးတင်ရှို့ 

ပခုက္ကူမြို့နယ်ရှိ ရေလာလေးတပ်စခန်း သိမ်းပိုက်ခံရ၍ ရေလာကြီးရွာကို စစ်ကောင်စီ မီးတင်ရှို့ 

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ရေလာကြီးရွာကို စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့နေသည်ဟု တော်လှန်ရေးတပ်များထံမှ သိရသည်။

 

ရေလာကြီးရွာဘေးရှိ ရေလာလေးရွာမှ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တော်လှန်ရေးတပ်များ၏ ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့ရသဖြင့် စစ်ကောင်စီတပ်က အင်အားပြန်လည်ဖြည့်တင်း၍ စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ရေလာလေးရွာကစခန်းကိုသိမ်းတော့ ရေလာလေးနဲ့ အနီးဆုံး ညောင်ဂျစ်ပင်ပျူစောထီးရွာကို စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကြတယ်။ အဲဒီကနေ တပ်ကူခေါ်ပြီး စစ်ကြောင်းပြန်ထိုးနေတာ။”ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရေလာကြီးရွာကို ပခုက္ကူအခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းကာ ဝင်ရောက်မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

“ရေလာလေးရွာနဲ့ ရေလာကြီးရွာက ချောင်းတစ်ခုပဲခြားတယ်။ ဒေသခံတွေသိကြပါတယ်။ ရှောင်နေကြပါတယ်။ ဘေးလွတ်ရာကို။ အဖွဲ့တွေကလည်း ကူညီပေးထားကြပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရေလာကြီးရွာမှ နေအိမ်အများအပြားပျက်စီးနိုင်ပြီး လက်ရှိအချိန်ထိ မီးတင်ရှို့နေသဖြင့် ပျက်စီးမှုအသေးစိတ်အခြေအနေကို မသိရသေးဟု ဆိုသည်။

ရေလာလေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်းတွင် စစ်ကောင်စီလေတပ်မှ (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်၍ ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးတပ်များက စခန်းသိမ်းနိုင်ခဲ့ကာ စစ်ကောင်စီတပ်သား (၇)ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ယနေ့ မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် ဒေသခံ(၃)ဦးနှင့် ရဲဘော်(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး SRF မှ တပ်စိပ်မှူး ရဲဘော် ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ရဲဘော်ကိုထက်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။

တပ်ပေါင်းစုညီညွတ်ရေးကိုမျှော်မှန်းကာ စုဖွဲ့တိုက်ပွဲဝင်နေသည့် အမှတ်(၈)စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်းနှင့် Kamma Revolution Force တို့ ပါဝင်တိုက်ပွဲဝင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အညာမြေတပ်ပေါင်းစု