နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က မဲမနှိုက်တော့ဘဲ ဆေးသမားများကို ပထမအကြိမ် စစ်ထဲသွင်း၊ နှစ်ဖက်တပ်သားသစ် စုဆောင်းခြင်းကြောင့် လူငယ်များထွက်ပြေးနေရ

နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က မဲမနှိုက်တော့ဘဲ ဆေးသမားများကို ပထမအကြိမ် စစ်ထဲသွင်း၊ နှစ်ဖက်တပ်သားသစ် စုဆောင်းခြင်းကြောင့် လူငယ်များထွက်ပြေးနေရ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် စစ်ကောင်စီတပ်က မဲမနှိုက်တော့ဘဲ ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါးစွဲနေသူများကို စစ်မှုထမ်းရန်ခေါ်ဆောင်သွားပြီး နမ့်စန်စစ်ဌာနချုပ်တွင် စစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များကလည်း လူသစ်စုဆောင်းနေသည့် နမ့်စန်မြို့တွင် ကျေးရွာအုပ်စုတစ်စုလျှင် လူ(၂)ဦးနှုန်းဖြင့် မဲမနှိုက်တော့ဘဲ စစ်မှုထမ်းရန် စစ်ကောင်စီတပ်က ခေါ်ဆောင်ရာ မူးယစ်ဆေးစွဲနေသူများ၊ ဆိုးသွမ်းသူများအား ပထမအကြိမ်အဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

“ရပ်ကွက်တွေကနေ မူးယစ်ဆေးသမားတွေပါသွားတယ်။ ရွာတွေမှာလည်း အဲဒီလိုပဲ။ နောက်တစ်သုပ်ကတော့ စာရင်းကောက်မယ်လို့ပြောတယ်။ ဒီတစ်သုပ်ကတော့ ဆေးသမားတွေချည်းပဲ။ (၈၀)ရာခိုင်နှုန်းလောက်က ဆေးသမားတွေ”ဟု နမ့်စန်မြို့မှ ဒေသခံတစ်ဦးက Tachileik News Agnency ကိုပြောသည်။

ယမန်နေ့ ၂၀၂၄ခုနှစ် ဧပြီလ (၃)ရက်နေ့တွင် နမ့်စန်မြို့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရန် လူ(၅၀)ဝန်းကျင်ကို နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီတပ်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံပြည်သူ့စစ်များက ကြိုဆိုခဲ့သည်ဟု စစ်ကောင်စီလော်ဘီများက ဖော်ပြထားသည်။

“ပြောရမယ်ဆိုရင် ဒီတစ်သုပ်က ကလေကချေတွေ၊ တကောင်ကြွက်တွေကို ထည့်ကြတာ။ ပြီးတော့ ထိန်းမရတဲ့ ဆေးသမားတွေကိုပေါ့ ထည့်ကြတာ။ နောက်တစ်ခုက ပြည်သူ့စစ်တွေအဖွဲ့တွေရဲ့ ရွာတွေကနေ တစ်ရွာဘယ်နှစ်ယောက် သင်တန်းတက်ရမယ်ပေါ့။ အဲဒီလိုခေါ်ပြီး စစ်သင်တန်းပေးနေတာရှိတယ်။ ဒီရက်ပိုင်းထဲ သင်တန်းဆင်းမယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

နမ့်စန်မြို့နယ်တွင် ကျေးရွာပေါင်း(၁၀၀)ကျော်၊ အုပ်စုပေါင်း (၂၈)အုပ်စုရှိပြီး စစ်ကောင်စီတပ်သည် နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုလိုက် စစ်သားသစ်စုဆောင်းခြင်းဖြစ်ကာ တစ်အုပ်စုလျှင် လူ(၂)ဦးကျ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အခုတော့ နမ့်စန်မှာပဲ စစ်သင်တန်းပေးမှာ ဘယ်မှတော့မပို့သေးဘူး။ ဟိုတနေ့ကမှ ဖွင့်ပွဲနဲ့ခေါ်တာကိုး။ နမ့်စန်မှာက စစ်ဌာနချုပ်ရှိတာကိုး။ သင်တန်း(၃)လပြီးသွားရင်တော့ ဘယ်လိုလုပ်မယ်မသိဘူး။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့များရှိ ဒေသခံများ၊ စစ်သင်တန်းတက်နေသူများနှင့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တွေ့ဆုံခဲ့ကြသည့် ဓာတ်ပုံများကို RCSSက ထုတ်ပြန်ခဲ့သည်။ 

RCSS သည် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်လာပြီးနောက် ၎င်းတို့လည်း တပ်သားသစ်ခေါ်ယူကြောင်း ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ကာ အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးများအား ခေါ်ယူစစ်သင်တန်းပေးနေခြင်းဖြစ်သည်။

“RCSS ရော၊ SSPP ကော နယ်မြေသတ်မှတ်ထားတာရှိတယ်ဗျ။ အဲဒီနယ်မြေအတွင်းမှာရှိတဲ့ လူငယ်တွေကို အပြင်မထွက်ခိုင်းတာပေါ့နော်။ ထိုင်းကို အလုပ်သွားလုပ်တာ၊ နယ်မြေခြားသွားပြီး အလုပ်လုပ်တာ ခွင့်မပြုဘူး။ လိုင်းကားတွေပေါ်မှာ သူတို့နယ်ကလူတွေကိုတွေ့ရင် ဘယ်လိုလုပ်လဲဆိုတော့ ဖြတ်တဲ့လိုင်းကားတွေစစ်တယ်။ မှတ်ပုံတင်ထဲမှာ သူတို့ရွာကလူဆို ဆွဲချထားလိုက်တယ်။ အဲဒီလိုဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိတွင် နှစ်ဖက်လုံးက နမ့်စန်မြို့နယ်အတွင်း စစ်သားစုဆောင်းနေကြသဖြင့် ဒေသခံလူငယ်များမှာ နိုင်ငံခြားကို ခိုးထွက်ပြေးနေကြရသည်ဟု သိရသည်။

#TachileikNewsAgency