မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်သည့်အပေါ်  NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်သည့်အပေါ်  NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့
အောက်တိုဘာ 10, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်သည့်အပေါ်  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့  ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မန္တလေးဒေသတွင် တော်လှန်ရေးကာလအတွင်း အဓိက လိုအပ်နေသော ကြားကာလအစီအမံတစ်ရပ်ကို ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှု၊ ယုံကြည်မှုတို့ကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ပေါင်းစည်းဆောင်ရွက်နိုင်မှု ရလဒ်၏ ပထမ ခြေလှမ်းအဖြစ် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတစ်ရပ်အား အောင်မြင်စွာ အတည်ပြု ဖွဲ့စည်းနိုင်သည့်အပေါ် များစွာ ကြိုဆိုဂုဏ်ပြုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါ ကော်မတီက ရေးဆွဲမည့် ကြားကာလ အစီအမံသည် မန္တလေးဒေသအတွက် တော်လှန်ရေးကာလ၏ ရှေ့ဆောင်လမ်းပြ မြေပုံဖြစ်သကဲ့သို့ အသွင်ကူးပြောင်းရေးကာလ၏ လမ်းစလည်း ဖြစ်လိမ့်မည်ဟု ယုံကြည်ယူဆသည်ဟုလည်း ဆိုသည်။ 

နောက်ခံအကြောင်းတရား မတူညီကြသည့် တော်လှန်ရေးအင်အားစုများသည် ယုံကြည်ရာ နိုင်ငံရေးအယူဝါဒ အသီးသီးကို ကိုင်စွဲလျက် ကြားကာလ အစီအမံရေးဆွဲရာတွင် ပါဝင်ဆွေးနွေးကြမည်ဖြစ်သော်လည်း နောက်ဆုံးတွင် ဒေသအကျိုး၊ ဒေသရှိ ပြည်သူလူထု အားလုံးတို့၏ အကျိုးကိုသာ ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဒေသအလိုက် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြု၍ တော်လှန်ရေးအင်အားစုများအားလုံး စုစည်းညီညွတ်စွာ ပါဝင်ပြီး အသီးသီးထွက်ပေါ်လာကြမည့် နိုင်ငံရေးအစီအမံများကိုလည်းကောင်း၊ ယင်းနိုင်ငံရေးအစီအမံများကို တာဝန်ခံကာ စုဖွဲ့ပေါ်ပေါက်လာမည့် ဒေသကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းများ၊ ဒေသအစိုးရများကိုလည်းကောင်း အားပေးကြိုဆိုလျက် ရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုဝန်ကြီးချုပ်က အသိပေးထားသည်။

မန္တလေးဒေသတွင် ကြားကာလ နိုင်ငံရေးအစီအမံတစ်ရပ် ထွက်ပေါ် လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် မန္တလေးဒေသမှ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများ၊ တာဝန်ရှိသူများနှင့် ပြည်သူလူထုအပေါင်းကိုလည်း ဂုဏ်ပြုလျက် သဝဏ်လွှာအား ပေးပို့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar