မြန်မာ့အရေးကို တရုတ်အစိုးရက မည်သို့ကိုင်တွယ်ရမည် မသိဖြစ်နေဟု NUG ဝန်ကြီး ပြောဆို

မြန်မာ့အရေးကို တရုတ်အစိုးရက မည်သို့ကိုင်တွယ်ရမည် မသိဖြစ်နေဟု NUG ဝန်ကြီး ပြောဆို

 မြန်မာ့အရေးကို ရှေ့နောက်မညီသော ယှဉ်းကပ်ပုံဖြင့် တရုတ်အစိုးရက ကိုင်တွယ်နေပြီး မြန်မာ့အရေးကို မည်သို့ ကိုင်တွယ်ရမည်ကို တရုတ်အစိုးရမသိဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဝေဖန်ပြောဆိုလိုက်သည်။

“ကျွန်မတို့ ရုန်းကန်နေတဲ့ ဒီတော်လှန်ရေးကလည်း ပြည်တွင်းရေးဖြစ်တယ်လို့ အရှေ့ပိုင်းမှာတော့ ပြောပြီးတော့ နောက်ပိုင်းကျတော့လည်း မြန်မာ့အရေးမှာ အတင်းကြီးကို ဝင်ရောက်စွပ်ဖက်တဲ့ပုံစံမျိုး ပေါ့လေ အဲဒါမျိုးတွေတွေ့ရတော့ ကျွန်မအမြင်ကတော့ တရုတ်အစိုးရ  ကိုယ်တိုင် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ ရှေ့နောက်မညီတဲ့ ယှဉ်းကပ်ပုံတွေနဲ့ ပိုပြီးတော့ ဆောင်ရွက်လာနေတာကို ကျွန်မတို့ မြင်ရတယ်။”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပြုလုပ်သည့် NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဒေါ်ဇင်မာအောင်က Tachileik News Agency ၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နိုင်ငံနှင့်ပါတ်သက်သည့် နိုင်ငံခြားရေးမူဝါဒကို ထုတ်ပြန်ထားပြီးဖြစ်သော်လည်း တရုတ်နိုင်ငံသည် နွေဦးတော်လှန်ရေးအပြင် NUG အစိုးရကိုပါ ဆက်သွယ် ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ ဆန္ဒအတိုင်းဖြစ်မနေဟု ဆိုသည်။

“မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ရမှန်း မသိဘူး။ နေပြည်တော်က စစ်ခေါင်းဆောင်တွေကိုလည်း စိတ်တိုင်းကျသလားဆို စိတ်တိုင်းမကျဘူး။ ကိုယ်တိုင်ပဲဝင်ပြီးတော့ပဲ အခုဆိုရင် ထိုင်းနဲ့ပေါင်းစပ်ပြီး တော့ ပူးတွဲပြီးတော့ ဥပမာ ကျားဖြန့်ကိစ္စလိုမျိုးတွေ ဆောင်ရွက်ဖို့လုပ်တာတွေ တွေ့ရတယ်။”ဟု ဝန်ကြီးက ပြောသည်။

တရုတ်အစိုးရသည် အစစ်အမှန်အခြေအနေကို ထင်ဟပ်ခြင်းမရှိသော သတင်းအချက်အလက်များ အပေါ် အခြေခံကာ မြန်မာ့အရေးကို ဆုံးဖြတ်နေသေးသည်ဟုလည်း ဝန်ကြီးက ရှု့မြင်နေသည်။

သို့သော်လည်း NUG အနေဖြင့် ညှိနှိုင်းမှု၊ ဆက်သွယ်ဆောင်ရွက်မှုများ တဖက်သတ်ဖြစ်နေစေကာမူ  တရုတ်နှင့်ဆက်ဆံရေးကို တိုးပြီးဆောင်ရွက်နေခြင်းရှိသည်ဟုလည်း ဆိုသည်။

“အစဉ်အလာအားဖြင့် တရုတ်သည်စီးပွားရေးနဲ့ အကျိုးစီးပွားကို အခြေခံပြီးတော့ မြန်မာ့အရေးကို ကြည့်လေ့ကြည့်ထရှိတယ်။ အဲဒီတော့ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့အကျိုးစီးပွားကို တကယ် ကော ကာကွယ်ပေးနိုင်ရဲ့လား၊ ဖော်ဆောင်နိုင်ရဲ့လာဆိုတာက ယုံကြည်မှုပျောက်ဆုံးလာတဲ့ အနေအ ထားမျိုးတော့ ကျွန်မတို့တွေ့ရတယ်။ ဒါပေမယ့် တဖက်မှာလည်း NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်ဖွဲ့အစည်းတွေကို တရုတ်အနေနဲ့ ရွေးချယ်စရာအနေနဲ့ အခုချိန်ထိမမြင်သေးဘူးဆိုတာ လည်းထင်ရှားတယ်။”ဟု ဝန်ကြီးက ပြောသည်။ 

ထို့ကြောင့် တရုတ်အစိုးရကို အမှန်မြင်လာစေရန် တရုတ်၏အကျိုးစီးပွားကို ရေရှည်ကာကွယ်နိုင်မည့် နိုင်ငံရေးစနစ်မျိုး တည်ထောင်နေကြောင်း၊ တည်ငြိမ်မှုကို ဖော်ဆောင်နေကြောင်း နိုင်ငံရေးသတင်းစကားအပြင် လက်တွေ့တည်ငြိမ်မှုကို မည်ကဲ့သို့ဖော်ဆောင်နိုင်မည်ဆိုသော အချက်ကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်မှသာ တရုတ်၏ မြန်မာ့အရေးအပေါ်ယှဉ်းကပ်မှုကို ပြောင်းလဲလာနိုင်မည်ဟု ဆိုသည်။ 

တရုတ်အစိုးရသည့် ညီနောင်မဟာမိတ်(၃)ဖွဲ့ကို စစ်ကောင်စီနှင့်ဆွေးနွေးရန် ဖိအားပေးသည့်အပြင် NUG အစိုးရနှင့်လည်း ဆက်သွယ်ခြင်းမပြုရန် ဖိအားပေးခြင်းများရှိနေသည်။

ထို့ကြောင့် ဇန်နဝါရီလ(၁၅)ရက်နေ့က ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်း မြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း အပစ်ရပ်လိုက်ရသဖြင့် တရုတ်ဘက်ကလည်း နယ်စပ်ဂိတ်များကို ပြန်ဖွင့်ပေးလိုက်သည်။