ကြမ်းတမ်းရုန်းရင်းသည့် အမူအရာတွေ မသုံးရန် ပြည်ထောင်စုလွှတ်တော်နာယက က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို သတိပေး

ကြမ်းတမ်းရုန်းရင်းသည့် အမူအရာတွေ မသုံးရန် ပြည်ထောင်စုလွှတ်တော်နာယက က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို သတိပေး
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
ကြမ်းတမ်းရုန်းရင်းသည့် အမူအရာတွေ မသုံးရန် ပြည်ထောင်စုလွှတ်တော်နာယက က  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို သတိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့တွင် ဆွေးနွေးချိန်၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်တို့အကြား (၁၆) မိနစ်ကျော်ခန့် အချေအတင်ဖြစ်ပွားကြသည်။

"ကြမ်းတမ်းရုန်းရင်းတဲ့အမူအရာတွေ မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်"ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သတိပေးပြောကြားခဲ့ရခြင်းဖြစ်သည်။

ပုဒ်မ (၂၆၂) ပုဒ်မခွဲ (ဋ) တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးများခန့်အပ် တာဝန်ပေးခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သို့အကြောင်းကြား၍ နိုင်ငံတော်သမ္မတထံသို့လည်း တင်ပြရမည်ဆိုသည့် စာသားကျန်ရှိခဲ့ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ်က တင်ပြခဲ့ပြီးနောက် ပူးပေါင်းကော်မတီမှ ကိုယ်စားလှယ်တစ်ဦးက ပြန်လည်ဖြေရှင်းချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အော်ဟစ်ပြောဆိုခဲ့သဖြင့် အထက်ပါအတိုင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

"နာယကအနေနဲ့ ဆောင်ရွက်နိုင်တဲ့ အပိုင်းတွေရှိပါတယ်။ စီမံခန့်ခွဲရေးနည်းလမ်းအရ ဆောင်ရွက်လို့ရသလို ဥပဒေအရလည်း အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့ နာယကအနေနဲ့ အားလုံးဘယ်သူ့ကိုမဆို အားလုံး ချစ်ကြည်ရင်းနှီးစွာနဲ့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မိမိအနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည် သည်းညည်းခံပြီးဆောင်ရွက်ပေးနေတယ်ဆိုတာကိုလည်း နားလည် သဘောပေါက်စေလိုပါတယ်"ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပသည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမှုပြုလုပ်ချိန်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ်က ပုဒ်မ (၂၆၂) ပုဒ်မခွဲ (ဋ)ကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် တင်ပြထားသည့် စာသားများကျန်ရှိနေကြောင်း တင်ပြချိန်တွင် နှစ်ဖက်အချေအတင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၅) ဦးတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~