PNO ပြည်သူ့စစ်က ဒေသခံများအား ပြန်ပေးဆွဲကာ ငွေတောင်း

PNO ပြည်သူ့စစ်က ဒေသခံများအား ပြန်ပေးဆွဲကာ ငွေတောင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် ဒေသခံတစ်ဦးနှင့် ရွာလူကြီးတစ်ဦးအား PNO ပြည်သူ့စစ်များက ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်ရွေးယူခိုင်းကြောင်း PNLAထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ဆီဆိုင်မြို့ နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အဖွဲ့သည် ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်တွင် ဆီဆိုင်မြို့နယ် နမ့်စေမဲးကျေးရွာမှ ခွန်ဝင်းနိုင် အသက်(၅၀)နှစ်အား ဝက်ခြံတွင် ဝက်စာကျွေးနေစဉ် PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ငွေကျပ်သိန်း(၁၀၀)နှင့် ကားတစီးပေးကာ ခွန်ဝင်းနိုင်ကို ရွေးယူရန်ပြောဆိုရာ မိသားစုဝင်များက သွားရောက်၍ ညှိနှိုင်းမှုပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်ဖြင့်ပစ်ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီးဖြစ်သူ ပေါင်တွင်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ယင်းနေ့တွင်ပင် ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာမှ ရပ်မိရပ်ဖ ရွာလူကြီး ဦးထက်နိုင် အသက်(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဗိုလ်ကြီးလယ်အဖွဲ့က ပြန်ပေးဆွဲသွားခဲ့သည်ဟု ဆိုသည်။

PNO ပြည်သူ့စစ်များက ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်များကိုလည်း အကုန်ယူဆောင်သွားပြီး ဦးထက်နိုင်အား ကျေးရွာ၏ သင်္ချိုင်းကုန်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ရွာသူ၊ ရွာသားများက လိုက်သွားရာတွင် PNO ပြည်သူ့စစ်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သင်္ချိုင်းကုန်းထဲထိ မလိုက်သွားနိုင်ခဲ့ဟု ဆိုသည်။

"ဦးထက်နိုင်က ရပ်မိရပ်ဖ တဦးဖြစ်ပါတယ်။ သူ့ကို သင်္ချိုင်းကုန်းထဲ ဖမ်းသွားတော့ ရွာသူရွာသားတွေ လိုက်သွားတာ PNO ပြည်သူ့စစ်တွေက သေနတ်နဲ့ ရွာသားတွေကို ပစ်လို့ ဆက်လိုက်လို့ မရတော့ဘူး ။ အခုထိ ဦးထက်နိုင် ရှင်လားသေလားလည်း မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက ဖမ်းဆီးသွားသည့် နောင်သိမ်ရွာလူကြီး ဦးထက်နိုင်မှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းလည်းမရှိသလို မိသားစုများနှင့် အဆက်အသွယ်လည်း မရရှိသေးဟု သိရသည်။

#TachileikNewsAgency