စစ်ကောင်စီတပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အစောင့်လုပ်ရန်ခေါ်သွားသည့် ထွေအုပ်ဝန်ထမ်း သတ်ခံရ 

စစ်ကောင်စီတပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အစောင့်လုပ်ရန်ခေါ်သွားသည့် ထွေအုပ်ဝန်ထမ်း သတ်ခံရ 

ပဲခူးတိုင်း တောင်ငူမြို့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အစောင့်အဖြစ်ထားရန် ခေါ်ဆောင်ခံရသည့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်သည်ဟု သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။

အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း ကိုနိုင်လင်းဦးဆိုသူကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ တွင် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း အစောင့်အဖြစ်ထားရန် အတင်းအဓ္ဓခေါ်ဆောင်သွားသည်ဟု ဆိုသည်။ 

“ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ ကိုနိုင်လင်းဦးကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အစောင့်လုပ်ခိုင်းတော့ မလုပ်နိုင်ဘူးပြန်ပြောတာ စစ်ကောင်စီတပ်သားတွေနဲ့ စကားများရန်ဖြစ်ကြတယ်။”ဟု ကိုနိုင်လင်းဦးနှင့် နီးစပ်သူတစ်ဦး က Tachileik News Agency ကိုပြောသည်။

ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ကိုနိုင်လင်းဦးသည် သူ့၏အမျိုးသမီးနှင့် ဖုန်းပြောပြီးနောက် သူ့အား နာရီဝက်တစ်ကြိမ် ဖုန်းဆက်ပေးရန်ပြောဆိုပြီး ည(၈)နာရီဝန်းကျင်တွင် အမည်မသိဖုန်းများဝင်လာ၍ အပြင်သို့ထွက်၍ (၁၅)မိနစ်ကြာ စကားပြောနေခဲ့သည်ဟု ဆိုသည်။

ထို့နောက် ည(၉)နာရီဝန်းကျင်တွင်လည်း အပြင်သို့ဖုန်းထွက်ပြောဦးမည်ဟုဆိုပြီး ထွက်သွားရာက ပျောက်ဆုံးသွားပြီး ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ဝင်းအတွင်းရှိ သစ်ပင်တစ်ပင်အောက်၌ ဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိသည်ဟု သိရသည်။

စစ်ကောင်စီဘက်က မိမိကိုယ်မိမိ သက်သေသွားသည်ဟု ပြောဆိုသော်လည်း ကိုနိုင်လင်းဦး၏ ရုပ်အလောင်းတွင် ပြင်းထန်စွာနှိပ်စက်ထားသော ဒဏ်ရာများရှိနေသည်ဟုလည်း သူနှင့်နီးစပ်သူများက ပြောဆိုသည်။ 

ကိုနိုင်လင်းဦး(၃၄)နှစ်သည် တောင်ငူမြို့နယ် အုတ်ဖြတ်အုပ်စု၊ အိုးဖိုကုန်းကျေးရွာနေသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency