ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင် ကားလမ်းမ(၃)နေရာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၃)ရက်နေ့တွင် မြေတူးစက်ဖြင့် မြောင်းဖောက် ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီးသွားသည့် အဆိုပါ ကားလမ်းမ (၃)နေရာသည် လားရှိုး-မိုင်းယော်သို့သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် ဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြို့အဝင်လမ်းမများအား ဖြတ်တောက်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ယမန်နေ့ ဇွန်လ (၁၂)ရက်နေ့ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းမအား စစ်ကောင်စီသည် မြေတူးစက်ဖြင့် ကန့်လန့်ဖြတ်မြောင်းဖောက်ဖျက်ဆီးခဲ့သေးသည်။
အဆိုပါ စစ်ကောင်စီတပ်၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား ဟန့်တားနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သော်လည်း အရပ်သားပြည်သူများ သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု သိရသည်။
#TachileikNewsAgency
Photo: PSLF/TNLA News