စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်စီးစေမည်ဖြစ်ကြောင်း MNDAA သတိပေး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်စီးစေမည်ဖြစ်ကြောင်း MNDAA သတိပေး
စက်တင်ဘာ 23, 2024 | 2021 Military Coup| ရှမ်းမြောက်

လားရှိုးတွင် တိုက်ပွဲများငြိမ်သက်ပြီးနောက် စစ်ကောင်စီမှ စတုတ္ထအကြိမ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်မှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဖြစ်ကြောင်း MNDAA က ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ (၂၁) ရက်နေ့ ည (၁၀)နာရီ (၁၅)မိနစ်နှင့် ည (၁၀)နာရီ (၁၇) မိနစ်တို့တွင်  စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးသည် လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၏ မျက်နှာချင်းဆိုင်ရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ ကျန်တစ်လုံးသည် ရပ်ကွက် (၁)ရှိ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူတဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူနေအဆောက်အအုံ (၂)လုံး ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် စစ်ကောင်စီတပ်၏ စတုတ္ထကြိမ်မြောက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီး စစ်ကောင်စီတပ်၏ ပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း MNDAA က အသိပေးထားသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAA ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့တွင် စစ်ကောင်စီတပ်သည် လားရှိုးမြို့၏ လူနေရပ်ကွက်များသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလ (၁၉)ရက်နေ့တွင် MNDAAမှ စစ်ကောင်စီနှင့် အပစ်ရပ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် (၂)ရက်အကြာတွင် စစ်ကောင်စီမှ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

#TachileikNewsAgency