ဖိုးချီးမူစခန်းကို တော်လှ်ရေးတပ်များသိမ်းရာ ဒုတပ်ရင်းမှူးအပါ ၄၈ ဦးဖမ်းမိ

ဖိုးချီးမူစခန်းကို တော်လှ်ရေးတပ်များသိမ်းရာ ဒုတပ်ရင်းမှူးအပါ ၄၈ ဦးဖမ်းမိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းအား KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အပါအဝင် (၄၈)ဦးကို ဖမ်းဆီးရမိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOFထံမှ သိရသည်။

အဆိုပါတပ်စခန်းကို KNLA နှင့် PDF၊ ဒရုန်းပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်ကူပို့သည့် လမ်းကြောင်းများအား ပိတ်ဆို့ဖြတ်တောက်ကာ မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဖြင့် တိုက်ခိုက်သိမ်းပိုက်ရာ ၂၀၂၄ ခုနှစ် မေလ(၁၉)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ (၁၈)ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အင်အား (၉၀)ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး မေလ(၁၉)ရက်နေ့တွင်  KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များက နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သား အလောင်းနှင့် MA4 ပူးတွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဆက်လက်၍ ဒရုန်းဖြင့်ဗုံးကြဲကာ မြေပြင်မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်သား (၁၂)ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှုး ရန်အောင်နှင့် 2IC မင်းမင်းထွန်းအပါ ရန်သူ (၂၃)ဦး လက်နက်ချအညံ့ခံလာခဲ့ပြီး မေလ(၂၁)ရက်နေ့တွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနှင့် အရှင် (၇)ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့သည်ဟု သိရသည်။

မေလ(၂၂)ရက်နေ့တွင် တပ်ကြပ်ကြီး အဆင့်ရှိသူနှစ်ဦးအပါအဝင် (၆)ဦး ထပ်မံဖမ်းမိခဲ့ရာ စုစုပေါင်း စစ်ကောင်စီတပ်သား (၄၈)ဦး လက်ရဖမ်းမိခဲ့ပြီး လက်နက် (၅၀)ကျော် သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂၀)ကျော် သေဆုံးခဲ့ပြီး ကျန်ရှိသည့် (၂၆)ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးသွားခဲ့သည်ဟုသိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က MI35ဖြင့် (၂)ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၎င်းတို့ ပြန်ဆုတ်ပြေးသည့်လမ်းတွင်လည်း ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးအား ပစ်သတ်ခဲ့သည်ဟု သိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တော်လှန်ရေးတပ်များသည် ထိုင်း-မြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့်အား သိမ်းပိုက်ရရှိထားပြီး လက်ရှိသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် စကခ (၁၃) လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁)နှင့် (၃၉၉ အမြောက်တပ်)တို့ပူးတွဲထိုင်သည့် နောက်ဆုံးလက်ကျန်စခန်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: SOF