ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်၌ ဗုံးတွေ့သည်ဟုဆိုကာ အမျိုးသမီးကိုလာဖမ်းစဉ် မတွေ့သဖြင့် အမျိုးသားကို ဖမ်းဆီးသွား

ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်၌ ဗုံးတွေ့သည်ဟုဆိုကာ အမျိုးသမီးကိုလာဖမ်းစဉ် မတွေ့သဖြင့် အမျိုးသားကို ဖမ်းဆီးသွား

ပဲခူးတိုင်း‌ ဝေါမြို့နယ် သူရဲသမိန်ကျေးရွာ၌ နိုင်ငံရေးအမှုဖြင့် ထောင်ကလွတ်လာသည့် ဒီချုပ်ပါတီ EC အဖွဲ့ဝင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့တွင် လာရောက်ဖမ်းဆီးစဉ် ရှာမတွေ့သဖြင့် အမျိုးသားဖြစ်သူအား ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သူရဲသမိန်ကျေးရွာလမ်းထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်ချထားသည့်နေရာတွင် ဗုံးတွေ့သည်ဟုဆိုကာ နိုင်ငံရေးပုဒ်မဖြင့် ထောင်မှပြန်လွတ်လာသည့် ဒီချုပ်ပါတီ EC အဖွဲ့ဝင် ဒေါ်ကေသီအေးကို စစ်ကောင်စီတပ်က နေအိမ်သို့လာရောက်ရှာဖွေစဉ် မတွေ့သဖြင့် ၎င်း၏အမျိုးသားအား ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“လမ်းထိပ်မှာ သူတို့(စစ်တပ်)ဂိတ်ချထားတာ။ အဲဒီဂိတ်မှာ ဗုံးတွေ့တယ်လို့ပြောတယ်။ လက်လုပ်ဗုံး။ အဲဒါကို အကြောင်းပြပြီးလာဖမ်းတာ။ အိမ်မှာ ဒေါ်ကေသီအေးက မရှိတဲ့အချိန်မှာ သူ့ယောက်ကျား ဦးစိုးသန်းကို ဖမ်းသွားတာ။ သူ့ယောက်ကျားက ဘာမှမသိဘူး။ အမြဲတမ်းမူးနေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်တပ်အာဏာသိမ်းနောက် ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့သည့် ဒေါ်ကေသီအေးကို ဆန္ဒပြပွဲများပြီးသည့်နောက် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံရေးများတင်ခြင်း၊ ရွာရှိဓမ္မာရုံတွင် ဓာတ်ခဲနှစ်လုံးတွေ့ရှိပြီး ဗုံးလုပ်သည်ဟုဆိုကာ အကြောင်းပြချက်များဖြင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဆန္ဒတွေပြပြီးနောက်ပိုင်း စစ်တပ်ကအထိုင်ချပြီးနောက်ပိုင်းပေါ့။ ဒလန်တစ်ယောက်က ချွန်တွန်းလုပ်ပြီး ဒေါ်ကေသီအေးကို ဖမ်းတာ။ ဒေါ်ကေသီအေးကို ဖမ်းတဲ့ကိစ္စမှာ သူကဘာမှမလုပ်ဘူး။ ဖုန်းထဲမှာ နိုင်ငံရေးတွေ တင်တယ်ဆိုပြီးဖမ်းတာ။ ပြီးတော့ နိုင်ငံရေးပုဒ်မတပ်တယ်ပေါ့နော်။ ၅၀၅ နဲ့ဖမ်းခံရပြီး လွတ်ရက်စေ့လို့ပြန် လွတ်လာတာပေါ့။ လွတ်လာပြီးတော့ အေးဆေးနေတာ။”ဟု ၎င်းကဆက်ပြောသည်။

ထောင်(၂)နှစ်ကျပြီး ပြန်လွတ်လာပြီးနောက် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့တွင် သူရဲသမိန်ရဲစခန်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဉ်ကြောင့် နောက်နေ့တွင် စစ်ကောင်စီတပ်က ဒေါ်ကေသီအေးကို နေအိမ်သို့ ထပ်မံလာရောက်ရှာဖွေရာမတွေ့ရှိသဖြင့် နေအိမ်ကိုမွှေနှောက်သွားခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဦးစိုးသန်းကို မြစ်ကျိုးရဲစခန်းတွင် စစ်ဆေးနေသည်ဟုလည်း သိရသည်။

#TachileikNewsAgency