ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် သေဆုံးသွားသူနှစ်ဦးအား သင်္ဂြိုလ်နိုင်ရန် စစ်ကောင်စီတပ်ကို ငွေကျပ်သိန်း ၃၀ ပေးရ

ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် သေဆုံးသွားသူနှစ်ဦးအား သင်္ဂြိုလ်နိုင်ရန် စစ်ကောင်စီတပ်ကို ငွေကျပ်သိန်း ၃၀ ပေးရ
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ကျေးရွာတွင် နေအိမ်ပေါ်ဒရုန်းဗုံးကျပြီး သေဆုံးသွားသူ အမျိုးသားတစ်ဦးနှင့် အလောင်းလာသယ်ရာက သေဆုံးသွားသူတို့၏ အလောင်းကို ဆေးရုံမှထုတ်ယူ၍ သင်္ဂြိုလ်နိုင်ရန် စစ်ကောင်စီတပ်အား ငွေကျပ်သိန်း(၃၀)ပေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့က သူရဲသမိန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ရဲစခန်းအနီးရှိ နေအိမ်ပေါ်ကျရောက်ပြီး အသက်(၄၀)ကျော်အရွယ် ကိုသွယ်(ခ)တင့်လွင်မှာ ကျည်စဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးကိုသူကို အလောင်းသယ်ရန် လာကြည့်သည့် ယောက်ဖဖြစ်သူ အသက်(၅၀)အရွယ် ကိုဖြူ(ခ)ဦးစိုးသူမှာလည်း ရုတ်တရက် လဲကျသေဆုံးသွားကြောင်း သိရသည်။

“စစ်တပ်က အလောင်းကိုရင်ခွဲစစ်ဆေးဖို့ ဝေါဆေးရုံကိုသယ်သွားတယ်။ ပြန်လာတော့ တစ်လောင်းကို (၁၅)သိန်း စီတောင်းတယ်။ ပြီးမှသင်္ဂြိုလ်ခွင့်ပေးတယ်။ အဲဒီမှာ တာဝန်ယူထားတဲ့စစ်တပ်ကတောင်းတာ။ မနေ့ကပဲ နှစ်ဦးလုံးကို သင်္ဂြိုလ်လိုက်ပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့လုပ်ဆောင်မှုမဟုတ်ကြောင်း ပြောဆိုထားသည်။

ဗုံးသီးများမှာ ကိုသွယ်၏ အိမ်အပြင် အုပ်ချုပ်ရေးမှူးရုံးနှင့် ဘုန်းကြီးကျောင်းကြားရှိ နေရာကိုလည်း (၂)လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

#TachileikNewsAgency