ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို (၁၀၇) မမ ရှော့တိုက်ဒုံး (၇) လုံးဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်သည်ဟု Brave Warriors for Myanmar (BWM)ထံမှ သိရသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်နှိမ်နင်းရန် ကြိုးကိုင်နေသည့် စစ်ဌာနချုပ်ဖြစ်သောကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ထိခိုက်အပျက်အစီးများကို ဆက်လက် စုံစမ်းဆဲ ဖြစ်ပြီး Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)အဖွဲ့၊ (Anti-Coup People’s Liberation Force – ACPLF) နှင့် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁)ရက်နေ့ကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို အဆိုပါ တော်လှန်ရေးအင်အားစုများက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။
#TachileikNewsAgency
Photo: BWM