စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအား နိုင်ငံတကာမှ ထိရောက်သည့် တားဆီးအရေးယူမှုများ လုပ်ဆောင်ရန် NUG တောင်းဆို

စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအား နိုင်ငံတကာမှ ထိရောက်သည့် တားဆီးအရေးယူမှုများ လုပ်ဆောင်ရန် NUG တောင်းဆို
ဇွန် 7, 2024 | 2021 Military Coup| ပညာရေး

မြန်မာနိုင်ငံအနှံ့တွင် စာသင်ကျောင်းများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီအား နိုင်ငံတကာမှ ထိရောက်သည့်တားဆီးအရေးယူမှုများ လုပ်ဆောင်ရန် အထူးလိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များအတွက် နိုင်ငံတကာအနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးသူငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် တောင်းဆိုသည်။

တနင်္သာရီတိုင်းနှင့် မကွေးတိုင်း၌ ဇွန်လ (၄) ရက်နှင့် (၅)ရက်နေ့တွင် ကလေးငယ်များ စာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး ကလေးငယ် စုစုပေါင်း (၇)ဦးသေဆုံးကာ ပြည်သူ (၄၀)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ပညာရေးဝန်ကြီးဌာနမှ ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း၌ ဇွန်လ (၄) ရက်နေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် (၃)ဦး သေဆုံးကာ ပြည်သူ (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီးကျောင်းကို ဇွန်လ (၅) ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် (၄)ဦးထက်မနည်း သေဆုံးပြီး ပြည်သူ (၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်းတို့သည် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ဆိုသည်။

စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေခြင်းစသည့် တရားမဲ့ လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency