အုတ်ဖိုမြို့နယ်တွင် ရဲစခန်းမှ အရက်သောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး မိုင်းဆွဲတိုက်ခိုက်ခံရ

အုတ်ဖိုမြို့နယ်တွင် ရဲစခန်းမှ အရက်သောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး မိုင်းဆွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်တွင် ရဲစခန်းမှ အရက်သောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးအား မိုင်းဆွဲတိုက်ခိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းမှ အရက်သောက်ရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦးအား ယနေ့ နံနက် (၁၀) နာရီခန့်တွင် ရဲစခန်းအဝင် လမ်းကြပ်တွင် စောင့်၍ ပဒေသာ TNT အပြင်းစားမိုင်း (၃)လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စက်လက် ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့မှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) သည် ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့သည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ အုတ်ဖိုမြို့နယ် အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့်အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency