မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီးနောက် Justice Mandalay People Defense Force (JMPDF)၏ ဖေ့ဘုတ်စာမျက်နှာ လုံခြုံရေးကျိုးပေါက်နေကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ် Justice က အသိပေးကာ သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ ဧပြီလ(၇)ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်အုပ်စုက PDF အဖွဲ့အဖြစ် ဟန်ဆောင်ကာ လက်နက်ပစ္စည်းခွဲဝေပေးမည်ဟု ပြော၍ JMPDFအဖွဲ့အား ခေါ်ခဲ့ရာ ရဲဘော်ရာဟုက သွားရောက်ယူစဥ် အရပ်ဝတ်အင်အား အလုံးအရင်းဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် တခြားသော UG အဖွဲ့ဝင်များ၏ နေအိမ်များကို ဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်နေသောကြောင့် မြို့ပြပြောက်ကြားအဖွဲ့ဝင် အားလုံးနီးပါး ရှောင်တိမ်းနေရကြောင်း မန္တလေးတပ်ပေါင်းစုထံက သိရသည်။
ကျွန်တော်တို့ ချက်ချင်း ရွေ့ပြောင်းရေးလုပ်နေရတယ်။ ဒီကောင်တွေက PDF အချင်းချင်းသွေးခွဲတာ၊ အယောင်ဆောင်တာတွေလုပ်ပြီး လိုက်ဖမ်းနေတယ်
ဟု တပ်ပေါင်းစုအဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
စစ်အုပ်စုက မန္တလေးမြို့ မိန်းလမ်းမတချို့ကို အသွားအလာကန့်သတ်ထားပြီး နေရာတချို့တွင် ဓာတ်ပုံများ ကိုင်ဆောင်ကာ အမျိုးသားဆိုင်ကယ်များကို ဦးစားပေးစစ်ဆေးနေကြောင်း မန္တလေးမြို့ခံများထံကသိရသည်။